Published on: May 17, 2014
Written by: အောင်ဇော်ထွန်း
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ဒေသ၌ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရနှင့် ကေအိုင်အိုတို့ သဘောတူညီမှု ရရှိခဲ့ပြီး စာရင်းကောက်ယူရန် နည်းလမ်းရွေးချယ်နေသည်ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ သန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အေမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့သည် သီးခြားတွေ့ဆုံ၍ သန်းခေါင်စာရင်းဆိုင်ရာကိစ္စများ၊ မျိုးနွယ်စုအရေးနှင့် တိုင်းရင်းသားအရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ တွေ့ဆုံဆွေးနွေးမှု ရလဒ်နှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က “ကေအိုင်အိုက မူအားဖြင့်တော့ သဘောတူခဲ့ပြီးတော့ ကောက်ဖို့အတွက် အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်နေတာပါ။ ကေအိုင်အေဌာနချုပ်နားက ရွာလေးတွေ ကျန်တာပါ။ သူတို့က သန်းခေါင်စာရင်း ဆက်ကောက်လို့ရအောင် စီစဉ်ဆောင်ရွက်ပေးထားမယ်လို့ ညှိထားပါတယ်ဗျ။ လောလောဆယ်တော့ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ တစ်ဝက်ပဲကျန်ပါတော့တယ်။ အဲဒါကတော့ လက်ရှိ စာရင်းစစ်၊ စာရင်းကောက်တွေနဲ့ပဲ ကောက်မလား။ တချို့နေရာတွေက သွားလာရေးခက်ခဲပြီးတော့ တောင်ပေါ်ဒေသတွေ၊ မိုင်းရှိတဲ့ နယ်မြေတွေဖြစ်တဲ့အတွက် ကေအိုင်အေထဲကပဲ သင်တန်းလာတက်ပြီး ကူညီကောက်ပေးမလားဆိုတာ အဲဒါလေးတွေ ညှိနှိုင်းနေပါတယ်” ဟုပြောကြားသည်။
သန်းခေါင်စာရင်းကောက်ယူရန် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် နှစ်ခုတည်းသာ ကျန်ရှိနေပြီး သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်တစ်ခုလုံး၏ နှစ်ရာခိုင်နှုန်းမျှ ရှိသည်ဟု ခန့်မှန်းထားကြောင်း၊ ကချင်ပြည်နယ်တွင် ကေအိုင်အို ထိန်းချုပ်ဒေသရှိ ကျေးရွာ ၉၇ ရွာသာ စာရင်းကောက်ယူရန် ကျန်ရှိတော့ကြောင်း သိရသည်။
နယ်မြေမအေးချမ်းမှုကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ခက်ခဲသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများကို တပ်မတော်၏ လုံခြုံရေးရယူ၍ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃ဝရက်မှ ဧပြီ ၁ဝရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ကောက်ယူမှုပြုလုပ်ခဲ့ပြီး ဝေးလံသောဒေသများ ဆက်လက်ကောက်ယူရန် အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံရန်ကျန်ရှိသည့် နေရာများကို ဆက်လက်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှု ရက်တိုး၍ ပြုလုပ်ခဲ့ရာ ယခုနှစ် ဇွန် ဒုတိယပတ်တွင် စာရင်းကောက်ယူမှုလုပ်ငန်းစဉ် အားလုံး ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ်
Eleven Media Group
Post a Comment