Published on: May 18, 2014
Written by: ဝင်းမြင့်ကျော်
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း လုယက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီမှ မေအတွင်း လစဉ်လုယက်မှုဖြစ်စဉ်များအား နှိုင်းယှဉ်ပါက ဖြစ်ပွားမှုနှုန်း တိုးလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူး မြင့်ထွေးက မေ ၁၆ ရက်က ဆိုသည်။
ယင်းကဲ့သို့ လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားရခြင်း အကြောင်းအရင်းများတွင် စီးပွားရေးကျပ်တည်းလာမှုနှင့် ခိုးမှု၊ လုယက်မှုများဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်သူများ ရှိလာမှုကြောင့်ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
“အခုဖြစ်ပွားနေတဲ့ လုယက်မှုဖြစ်စဉ်တွေအများစုရဲ့ ကျူးလွန်သူတွေက လူငယ်တွေဖြစ်နေတယ်။ အဓိက ကတော့ အပျော်အပါးတွေကို လိုက်စားလာကြလို့ ဖြစ်တယ်။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် အလွယ်ရတဲ့နည်းလမ်းမျိုးစုံ အသုံးပြုလာကြတယ်။ လုယက်ခံရတဲ့သူတွေကလည်း နီးစပ်ရာ ရဲစခန်းနဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံးအကြောင်းကြားသင့်တယ်။ တချို့ဖြစ်စဉ်တွေမှာဆိုရင် ငါးနာရီ၊ ခြောက်နာရီလောက်ကြာမှ ကျွန်တော်တို့အနေနဲ့သိရတော့ ပြစ်မှုကျူးလွန်တဲ့သူကို ခြေရာခံ ဖမ်းဆီးတဲ့အခါမှာ အခက်အခဲတွေ ရှိနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။
ထို့ပြင် လုယက်မှုဖြစ်စဉ်များ လျော့ကျစေရန်အတွက် လုပ်ဆောင်မည့် အစီအမံများကို ချမှတ်ပြီး၊ စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူး မြင့်ထွေးထံမှ သိရှိရသည်။
ဆက်လက်၍ ရဲမှူးက “တိုင်းတပ်ဖွဲ့မှူး က မြို့နယ်နဲ့ ခရိုင်ရုံးတွေက တပ်ဖွဲ့မှူးတွေကို ခေါ်ယူပြီး လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကို ညွှန်ကြားထားတယ်။ နေ့ပိုင်းတွေကော၊ ညပိုင်းတွေပါ လှည့်ကင်း၊ ပတ်ကင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ခရိုင်ရဲတပ်ဖွဲ့မှူးတွေ ကိုယ်တိုင်စစ်ဆေး ကြပ်မတ်ပြီးတော့ နေ့စဉ်တင်ပြနေရပါ တယ်။ လုယက်မှုတွေဖြစ်လာတဲ့ အရေအတွက်ကလည်း ပိုပြီး တိုးလာပါတယ်”ဟု မေ ၁၆ ရက်က ပြောကြားသည်။
ယခုနှစ်အတွင်း ဖြစ်ပွားနေသည့် လုယက်မှုဖြစ်စဉ်များတွင် အုပ်စုဖွဲ့ပြီး ကျူးလွန်သည့်ဖြစ်စဉ်၊ လူစည်ကားသည့်နေရာတွင် လုယက်မှုကျူးလွန်ခဲ့သည့်ဖြစ်စဉ်၊ တုတ်/ ဓား စသည့် လက်နက်များ ကိုင်ဆောင်ပြီး လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း သိရသည်။
“အခု ရဲတပ်ဖွဲ့မှာ ရှိတဲ့အင်အားနဲ့ လုယက်မှုတွေ လျော့နည်းသွားအောင် ဆောင်ရွက်နေတယ်။ ပြည်သူတွေအနေနဲ့လည်း ညပိုင်းအချိန်တွေမှာ အပြင်သွားရင် သတိထားဖို့နဲ့ လူပြတ်တဲ့နေရာတွေမှာလည်း သတိထားပြီး သွားလာဖို့ လိုအပ်ပါတယ်” ဟု ဒုတိယရဲမှူးကြီး မြင့်အေးက ဆက်လက် ပြောကြားသည်။
ထို့အပြင် ဧပြီ ၂၄ ရက် အရုဏ်တက်အချိန်တွင်လည်း အင်းလျားကန်ပေါင်အနီးတွင် ရပ်ထားသည့် လင်ခရူဆာယာဉ်တစ်စီး အား အမျိုးသားငါးဦးက ဓားပြတိုက်ကာ ယာဉ်နှင့် လက်ဝတ်ရတနာများ လုယက်မောင်းနှင် သွားသည့်ဖြစ်စဉ်နှင့် မေ ၁၃ ရက် အရုဏ်တက်ချိန်တွင်လည်း သမ္မတရုပ်ရှင်ရုံ ခုံးဆင်းအနီး၌ လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းအား အမည်မသိ အမျိုးသားတစ်ဦးမှကိုင်၍ မျက်နှာအား ကွန်ကရစ်တိုင်နှင့်ဆောင့်ကာ လက်ဝတ်ရတနာများ၊ လက်ပတ်နာရီများ လုယူ ထွက်ပြေးသွားမှု စသည့်လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု ငါးမျိုး၊ နာကျင် (ရိုးရိုး)၊ ယာဉ်တိုက်မှု စသည့် မှုခင်းငါးမျိုး စုစုပေါင်း ၃ဝ၅၆ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စုံစမ်းသိရ သည်။
Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.