ရန်ကုန်၊ မေ ၂၀
အကြောင်းအမျိုးမျိုးကြောင့် အတည်ပြုရန် ကြန့်ကြာနေသည့် ဆက်သွယ်ရေး နည်းဥပဒေများအနက် လိုင်စင်ချထားရေး နည်းဥပဒေကို မေလကုန်တွင် အပြီးသတ် အတည်ပြုမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိမ့်စိမ့်အေးက The Voice သို့ ပြောကြားသည်။
“ရှေ့နေချုပ်ရုံးကို တင်ထားတာ မှတ်ချက်တွေနဲ့ ပြန်ကျလာပါတယ်။ အခုပြန်ပြင်ပြီးပို့မယ်။ ဒီလကုန်လောက်မှာ လိုင်စင်ချထားတဲ့ ဥပဒေ အပါအဝင် ခေါင်းစဉ်ခွဲ သုံးခုလောက် အတည်ပြုသွားဖို့ ရှိတယ်။ အတည်ပြုမယ့် ဥပဒေခွဲ ခေါင်းစဉ် သုံးခုကတော့ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောဆိုသည်။
ခေါင်းစဉ်ခွဲငါးခု ပါဝင်သည့် ဆက်သွယ်ရေး နည်းဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲပြီး ဖြစ်သော်လည်း မြန်မာပြန်ဆိုရာတွင် အခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် ရှေ့နေချုပ်ရုံးသို့ တင်ပြရာတွင် နောက်ကျခဲ့သည့်အပြင် လက်ရှိ တင်ပြထားသည့် နည်းဥပဒေကိုလည်း မှတ်ချက်များဖြင့် ရှေ့နေချုပ်ရုံးမှ ပြန်ပို့ထားကြောင်း ၎င်းကဆိုသည်။
“အဲဒီဥပဒေ (ဆက်သွယ်ရေး နည်းဥဒေများ) က အရေးကြီးတယ်။ အဲဒါထွက်လာမှ တခြားလုပ်ငန်းတွေ တင်ဒါထပ် ခေါ်လို့ရမှာ။ အခုက မိုဘိုင်းလ်က ရှေ့တော်တော် ရောက်နေပြီ။ ဖိုင်ဘာချဖို့တို့၊ ISP (အင်တာနက် ဝန်ဆောင်မှု) လုပ်ငန်း လုပ်ဖို့တို့လို ကျန်တဲ့ဟာတွေက ဘာမှမစနိုင်သေးသလို ဖြစ်နေတယ်ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောဆိုသည်။
အင်တာနက် ဝန်ဆောင်မှု၊ Call Center ဝန်ဆောင်မှု၊ ဝိုင်ဖိုင် ဝန်ဆောင်မှုများ၊ ဖိုင်ဘာဆက်ကြောင်း တည်ဆောက်ရေး လုပ်ငန်းများ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဝန်ဆောင်မှုများ အပါအဝင် ဆက်သွယ်ရေး လုပ်ငန်း အမျိုးအစား အများအပြားကို လုပ်ကိုင်လိုသူ ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များ စောင့်ဆိုင်းနေသည့် ဆက်သွယ်ရေး နည်းဥပဒေကို ဖေဖော်ဝါရီလ ကတည်းက အတည်ပြုရန် မူလက စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဧပြီလကုန်မှသာ ရှေ့နေချုပ်ရုံးသို့ တင်နိုင်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။
ဆက်သွယ်ရေး နည်းဥပဒေမှ လိုင်စင်ချထားရေး ဥပဒေ ထွက်ရှိပြီးပါက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူမည့် Internet Service Provider (ISP) အပါအဝင် အင်တာနက် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအမျိုးအစား အချို့ကို ဝင်ရောက် လျှောက်ထားရန် ပြင်ဆင်နေကြောင်း IGE၊ ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီတို့ထံမှ စုံစမ်းသိရှိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနက တစ်နှစ်ခန့် အချိန်ယူ ရေးဆွဲထားသော ဆက်သွယ်ရေး ဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
ACM Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment