ရန်ကုန်၊ မေ ၁၀
ရန်ကုန် အရှေ့ပိုင်းခရိုင် မြို့နယ်များကို အဓိကထား ရေဖြန့်ဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း ဆောက်လုပ်မှုမှာ ၃၆ ရာခိုင်နှုန်းကျော် အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုအချိန်မှ စတင်ကာ ရေသွယ်ယူမှု လုပ်ငန်းများ၊ မြေသားပြုပြင်မှု လုပ်ငန်းများ၊ ဘိုးလ်ပိုင် စိုက်ခြင်းများကို တစ်ပြိုင်နက် ဆောက်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လုပ်ငန်းတွေကိုတော့ တစ်ပြိုင်တည်း လုပ်နေတာ ဖြစ်တဲ့အတွက် လုပ်ငန်းတစ်ခုချင်း အပြီးလုပ်တာထက် မြန်မြန် ပြီးစီးနိုင်ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းလောက် ပြီးစီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ရေပေးဝေရေး စီမံကိန်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၂) လမ်းမကြီးဘေးတွင် စတင်ခဲ့ပြီး စီမံကိန်း ပြီးစီးပါက သောက်သုံးရေများကို ယုဇနဥယျာဉ်မြို့တော် အပါအဝင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံမြို့နယ်နှင့် သီလဝါတို့ကို ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
“ရေမပျက်တာက လေးလ ငါးလလောက်တော့ ရှိပြီ။ ရေထပ်တိုးပေးမယ် ဆိုရင်တော့ ပိုကောင်းပါတယ်။ ရေကို အချိန်မှန်မှန်လေး ပေးရင်တော့ အကောင်းဆုံးပဲ” ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၃၈) ရပ်ကွက်တွင် နေထိုင်သူ ဦးမျိုးမင်းဟန်က ဆိုသည်။
ရန်ကုန်မြို့အတွင်းသို့ တစ်ရက်လျှင် ရေဂါလန် သန်း ၁၆၀ ကို နေ့စဉ် ဖြန့်ဝေပေးလျက် ရှိပြီး ၂၀၄၀ ပြည့်တွင် လိုအပ်မည့် ရေဂါလန်သန်း ၆၀၀ ခန့် ဖြန့်နိုင်ရန် တိုးမြစ်နှင့် ကုက္ကိုဝမြစ် ရေတင်ရေပေး စီမံကိန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရှိရသည်။
Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment