0

အာဝါသ
အတွဲ (၁၃)၊ အမှတ်(၉)

‘‘ကျွန်တော်တို့မှာ အလုပ်သမားတွေကို အမြန်ဆုံးဆွဲထုတ်လို့ရမယ့် နိုင်ငံတကာမှာလို ခေတ်မီဟိုက်ဒရောလစ်ကိရိယာတွေမရှိလို့ ကွန်ကရစ်တွေဖြတ်ပြီး ရတဲ့နည်းနဲ့ ဆွဲထုတ်ခဲ့ရတယ်’’

တကယ်တော့ ဒီစကားကို ပြောခဲ့သူဟာ အစိုးရ၀န်ကြီးတစ်ပါးမဟုတ်သလို ကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက်လည်း မဟုတ်ပါဘူး။ ဧပြီ ၂၆ရက် ညနေက အလုံမြို့နယ်မှာ တိုက်ဟောင်းတစ်လုံးဖြိုဖျက်တဲ့ လုပ်ငန်းခွင်အတွင်း ရုတ်တရက်ပြိုကျလာတဲ့ ကွန်ကရစ်ချပ်တွေအောက် ပိမိနေသူတွေကို ကယ်တင်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ရဲသူရိန်သိန်းမြင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီတပ်ဖွဲ့ဝင်နဲ့ အပေါင်းအပါတွေဟာ သေဘေးနဲ့ ရင်ဆိုင်ကြုံ တွေ့နေရတဲ့ အလုပ်သမားတွေကို ရှင်လိုရှင်ငြားဆိုပြီး ခဲယဉ်းစွာကယ်တင်ခဲ့ကြပေမယ့်လည်း ၀မ်းနည်းစရာကောင်းတာက နေရာမှာတင် နှစ်ဦးသေဆုံးပြီး နောက်တစ်ဦးကတော့ ဆေးရုံအရောက်မှာ ထပ်မံသေဆုံးသွားရတယ်။ အသက်တွေက ၁၉ နှစ်၊ ၂၃နှစ်၊ ၂၆ နှစ်။ နှမြောဖို့ကောင်းလိုက်တာ။

လူမှန်သမျှ တစ်နေ့သေကြရမယ့် သေမျိုးချည်းဖြစ်တာမို့ သေရုံမျှလောက်ကို အဆန်းတကြယ်လုပ်ပြီး ပြောမနေချင်ပေမယ့် ကျွန်တော်တို့အားလုံးအတွက် သေရတဲ့အကြောင်းရင်းနဲ့ သေပုံသေနည်းတွေဟာ တစ်နည်းမဟုတ်တစ်နည်း အရေးပါနေမှာဖြစ်တဲ့အလျောက် လျစ်လျူမရှုနိုင်ပါဘူး။ အခုဖြစ်ပွားခဲ့တဲ့ တိုက်ဟောင်းပြိုကျတဲ့ဖြစ်ရပ်မှာ အများအားဖြင့် ကြားရနိုင်တဲ့အယူအဆသုံးမျိုးကို ခန့်မှန်းမိပါတယ်။ အဲဒါတွေက ကံဆိုးလို့။ ပေါ့ဆလို့။ မတော်တဆတိုက်ဆိုင်သွားလို့ ဆိုတာတွေပဲဖြစ်ပါတယ်။ ကျွန်တော့်သဘောပြောရရင် အဲဒါတွေအားလုံးတစ်ခုမှ မမှားဘူးဆိုတာ သဘောတူချင်ပေမယ့် ဒါထက်နက်တဲ့အကြောင်းတစ်ခုလည်း ရှိနေသေးတာတွေ့ရလို့ပါ။ အောက်ပါသုံးသပ်ချက်အမြင်ဟာ အခုပေါ်ပေါက်ခဲ့တဲ့ ၀မ်းနည်းစရာဖြစ်ရပ်နဲ့ ပတ်သက်လို့ပဲ လက်တွေ့ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေအတွင်း တွေ့ရှိရချက်ကို နောက်ထပ်သက်ဆိုင်ရာအရာရှိတစ်ဦး ထုတ်ဖော်ခဲ့တာမို့ ဆင်ခြင်ကြည့်စေချင်ပါတယ်။

သူက‘‘ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ တစ်ယောက်က ဆေးရုံရောက်သွားပြီ။ ဒီအပျက်အစီးကြားထဲကနေ အလောင်းနှစ်ခုကို ဆွဲထုတ်ခဲ့ရပါတယ်။ ဖြိုတဲ့လုပ်ငန်းမှာ ထားသင့်တဲ့လုံခြုံရေးအစီအမံတွေ အားနည်းလို့ အခုလိုဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်’’တဲ့။ အဲဒါအခင်းဖြစ်ပွားပြီးပြီးချင်း မီဒီယာတွေကို ရှင်းပြခဲ့တာ။ ဟုတ်ပါတယ်။ ‘‘အတွေ့အကြုံဟာ အကောင်းဆုံးအရာ’’ဆိုတဲ့ ဖွင့်ဆိုမှုတစ်ခုရှိထားတဲ့အတိုင်းဆို ကျွမ်းကျင်ရာနယ်ပယ်က အဲဒီအရာရှိပြောကြားခဲ့တဲ့ စကားဟာ ပစ်ပယ်ဖို့မကောင်းသလို တကယ်လည်းမကြာခဏဆိုသလို ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲမတော်တဆမှုအများစုကို ပြန်ကြည်တဲ့အခါ သမာရိုးကျမဆန်တဲ့ အားနည်းချက်တွေကို အံ့သြဖွယ်ကောင်းလောက်အောင် တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်နားလည်ထားသလိုပြောရရင် မတော်တဆမှုဆိုတာ မကြာခဏဖြစ်ရတာမျိုးမဟုတ်သလို မှားပြီးရင်း ထပ်ထပ်မှားနေတာမျိုးလည်း လုံးလုံးမဟုတ်ပါဘူး။ မတော်တဆမှုတစ်ခုဟာ အကြိမ်ကြိမ်အခါခါထပ်ဖြစ်နေပြီဆိုရင် အဲဒါပေါ့ဆမှုရှိလို့ပဲဆိုတာ သေချာနေပါတယ်။ ပေါ့ဆမှုကို ထပ်မံစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အလေးဂရုမပြုခဲ့မှုတွေကြောင့်ဆိုတာ ပေါ်ပေါက်ပါတော့တယ်။ တစ်နည်းပြောမယ်ဆို အလေးဂရုမပြုမှုဆိုတာ ဒါလုပ်ရင် ဒီလိုဖြစ်နိုင်တယ်ဆိုတာနဲ့ ဒီလိုလုပ်ငန်းခွင်မျိုးမှာ ဒီလိုအန္တရာယ်တွေရှိလာနိုင်မယ်မှန်းသိသိကြီးနဲ့ လိုအပ်တဲ့ကြိုတင်ကာမှုတွေကို စီမံဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာမျိုးမို့ ရည်ရွယ်ချက်မပါတဲ့ သာမန်မတော်တဆမှုတွေလောက် ခွင့်လွှတ်စရာမကောင်းပါဘူး။ တရားစီရင်ရေးနယ်ပယ်မှာ သဘာဝအလျောက်ပေါ်ပေါက်ဖြစ်ပွားတတ်တဲ့ ရာဇ၀တ်မှုထက်သိလျက်နဲ့ တမင်ရည်ရွယ်ပြီး ကြိုတင်ကြံရွယ်ချက်မကင်းတဲ့ ကျူးလွန်မှုတွေက အပြစ်ပိုကြီးလေးတယ်ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။

ပြီးခဲ့တဲ့တစ်လောက မလေးရှားလေယာဉ်ပျောက်ဆုံးမှုနဲ့ တောင်ကိုရီးယားသင်္ဘောနစ်မြှုပ်မှုတွေဟာ အသက်သေဆုံးမှုတွေ များပြားခဲ့တာတော့မှန်ပေမယ့် ဒါဟာစဉ်ဆက်မပြတ်ဖြစ်ပွားနေတာမျိုး မဟုတ်သလို နောင်တော့ သူတို့ ဒီလိုကြေကွဲစရာအဖြစ်ဆိုးမျိုးက ရှောင်ရှားနိုင်အောင် စနစ်တကျ ကြပ်မတ်ကာကွယ်သွားတော့မယ်ဆိုတာ ကျွန်တော်တို့ယုံကြည်လို့ရပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ကျွန်တော်တို့ မတော်တဆမှုကြိမ်နှုန်းအရ နှိုင်းယှဉ်လိုက်တဲ့အခါ ကျွန်တော်တို့ဆီက နိုင်ငံကျော် ရန်ကုန် -နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးဟာ မြေးအဘိုးမက ကွာခြားနေတာကိုတွေ့ကြရပါမယ်။

သက္ကရာဇ် ၂၀၀၉ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးကတည်းက ဒီနေ့အထိ စံချိန်စံနှုန်းမမီတဲ့ လမ်းအင်္ဂါရပ်တွေအပြင် အပြစ်အနာအဆာတွေများလွန်းနေမှု၊ ကူညီကယ်ဆယ်ရေးအစီအမံတွေအားနည်းခဲ့မှု၊ ယာဉ်ကြံ့ခိုင်ရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစစ်ဆေးခြင်းတွေမရှိမှု ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေရဲ့ ပေါ့ဆမှုတွေရော၊ မထီမဲ့မြင်ပြုခဲ့မှုတွေကြောင့်ပါ ၀မ်းနည်းစရာဖြစ်ရပ်ဆိုးတွေနဲ့ ကြိမ်ဖန်များစွာကြုံခဲ့ကြရပြီးဖြစ်တဲ့တိုင် ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ကဆိုရင်လည်း ယာဉ်တိမ်းမှောက်မှုပေါင်း၂၅၉ခုမှာ သေဆုံးသူ ၁၁၃ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၂၅ ဦးရှိခဲ့သလို ယခုနှစ်လေးလတာကာလအထိဆိုရင်လည်း ယာဉ်တိုက်မှုပေါင်း ၁၁၅မှုမှာ သေဆုံးသူ ၆၂ဦးနဲ့ ၂၈၆ဦးဒဏ်ရာ ကိုယ်စီရခဲ့ပြီးပြီမို့ ဒီလိုသာလျော့ရဲရဲ၊ ပေါ့ပျက်ပျက်အမူအကျင့်တွေနဲ့ ဆက်လက်စခန်းသွားနေကြလို့တော့(လွဲပါစေ)အကောင်းဘက် ဦးလှည့်ဖို့မရှိဘဲ အဆိုးတွေဘက်ကိုသာ စံချိန်ချိုးသွားနိုင်မယ့် အလားအလာပါ။

ကျွန်တော်တို့ရဲ့ခွင့်မလွတ်နိုင်စရာအမှားတွေထဲမှာ အဆိုးဆုံးလို့ပြောရမှာက လူကိုလူလိုတန်ဖိုးမထားမှုတွေပဲဖြစ်လိမ့်မယ်ဆိုတာ ရင်ဖွင့်ချင်သေးတယ်။ ဒီအချက်ကိုတော့ ဧပြီ ၁၂ရက်က အမြန်လမ်းမှာ ကားချင်းတိုက်ပြီး မီးလောင်ခဲ့တဲ့ အဖြစ်ဆိုးအတွင်း ရှင်းရှင်းကြီးမြင်လိုက်ရတာ စာဖတ်သူမိတ်ဆွေတွေလည်း သတိပြုမိခဲ့ကြပြီးဖြစ်နိုင်ပါတယ်။

ခေတ်မီခရီးသည်တင် မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အရေးပေါ်အခြေအနေမှာ တန်ဖိုးရှိတဲ့ လူ့အသက်တွေဆုံးရှုံးခြင်းမရှိရလေအောင် ဘယ်လိုပဲအမြှော်အမြင်ကြီးစွာနဲ့ ‘‘ကယ်ပေါက်(အရေးပေါ်ထွက်ပေါက်)’’ တွေစီမံထားပေးလိုက်ပေမယ့်( တောင်ပြာတန်းယာဉ်ပေါ်က)ကျွန်တော်တို့ ခရီးသွားပြည်သူတွေခမျာ ကြားပင်မကြားဖူးခဲ့ရုံမက မှန်ခွဲဖို့တူရှိမှန်းကိုပါ မြင်လည်းမမြင်ဖူး၊ သိလည်းမသိခဲ့ကြပါဘူးတဲ့။ ဒီလိုနဲ့ ကံကောင်းထောက်မစွာရှာတွေ့ခဲ့တဲ့ အပေါက်သေးသေးလေးကနေ ဖျတ်လတ်သူတွေက အသက်လုခုန်ချဆင်းပြေးနိုင်ခဲ့ကြတဲ့တိုင် ကံဆိုးသူခုနစ်ဦးမှာတော့ အရှင်လတ်လတ်ကြီး မီးသင့်သေဆုံးခဲ့ရတယ်။

ဒီဖြစ်ရပ်တစ်ခုလုံးနဲ့ဆက်စပ်လို့ မြို့တွင်းသွားအထူးကားအတော်များများမှာ တွေ့နေရဲ့ ခရီးသည်ထိုင်ခုံပြန်ပြင်ဖွဲ့စည်းထားပုံတွေကို ကြည့်မယ်ဆိုရင်လည်း ထိုင်တော့ဒူးမလွတ်၊ ဆင်းမယ်လုပ်တော့ ထွက်မအောင်ကျဉ်းကျပ်နေမှုမျိုးတွေဟာ မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ တချို့သောကုမ္ပဏီပိုင်ရှင်နဲ့ သူဌေးကြီးတွေအပါအ၀င် ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုအခန်းကဏ္ဍကို တာဝန်ယူထားသူတွေအနေနဲ့ ကိုယ်ကျိုးအတ္တအတွက် ရနိုင်စရာအမြတ်အစွန်းကိုသာ အဓိကအာရုံစိုက်ပြီး ကိုယ့်အပေါ်အကျိုးပြုနေတဲ့ လက်အောက်ဝန်ထမ်းနဲ့ ကျေးဇူးရှင် ပြည်သူလူထုတွေရဲ့အဖိုးတန်ဘ၀တွေအပေါ်တော့ အလေးလည်းမထား၊ စာနာတရားလည်း နည်းပါးကြတာ ဖော်ပြ၀န်ခံနေသလိုပါ။

ဒါကြောင့်လည်း အခု အလုံကတိုက်ပြိုတဲ့ဖြစ်ရပ်မှာ လက်တွေ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အရာရှိတွေ မှတ်ချက်ပြုကြသလို ဘေးအန္တရာယ်ကျရောက်တဲ့အခါ အရေးပေါ်မဖြစ်မနေ သုံးစွဲရမယ့် အကူကိရိယာတွေ ရှိမနေဘူးဆိုတာနဲ့ ဘေးကင်းလုံခြု့ရေးအစီအမံတွေ အားနည်းလှတယ်ဆိုတဲ့ ထောက်ပြသုံးသပ်ခဲ့မှုတွေဟာ ခြွင်းချက်မရှိ လျော်ကန်နေတာတွေရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မတော်တဆမှုဆိုတာတွေ အစားစား၊ အပြားပြားရှိနိုင်တဲ့အနက်က သာမန်အခန့်မသင့်လို့ ပေါ်ပေါက်လာရတဲ့ သမားရိုးကျဆန်ဆန် ဖြစ်ပွားမှုမျိုးထက် ပယောဂမကင်းတဲ့ တာဝန်မဲ့မှုတွေကြောင့်တော့ ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်မှ မနစ်နာ၊ မဆုံးရှုံးစေသင့်သလို ဒါ့အပြင်လည်း မတော်တဆမှုတိုင်းဟာ တမင်မရည်ရွယ်ခဲ့ရိုးအမှန်ဖြစ်နေတဲ့တိုင် တကယ်သေကျေပျက်စီးခဲ့ရတဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ နည်းပဲမနည်းလှတော့ဘူးဆိုတာ သတိပေးတင်ပြလိုခြင်းသာ အရင်းခံစေတနာဖြစ်ကြောင်းပါ။

Aye Chan Mon# Credit To :http://www.7daynewsjournal.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top