မောင်သာချို
အတွဲ (၁၃)၊ အမှတ်(၉)
(တစ်)
သူ သူ့အလုပ်တွေကို လက်စသတ်လိုက်တော့ ညနေခြောက်နာရီကျော်ပါပြီ။ သည်အိမ်သို့ မနက်တော်တော်စောစောကတည်းကပင်လျှင် သူရောက်ရှိ၍ လာခဲ့ခြင်း ဖြစ်ပါသည်။ မနက်စောစောအိပ်ရာကထ၊ ကိုယ်လက်သန့်စင်၊ အမေအိုနှင့် အဖေမရှိတော့သော ကလေးသုံးယောက်အတွက်မရှိ ရှိတာကလေးများနှင့် တစ်နေ့တာ စားဖို့၊ သောက်ဖို့ စီစဉ်ပေးပြီးသည့်နောက် အိမ်ဘက်ကို တစ်ချက်လှည့်ခဲ့ပါဦးဟု အမှာရှိသော ထိုအိမ်သို့ ရှစ်နာရီဝန်းကျင်မှာ သူရောက်ပါသည်။ အလုပ်လုပ်ဖို့။ ဟုတ်ပါသည်။ အလုပ်လုပ်ဖို့ပါ။ ဘာအလုပ်လဲဟုတော့ မမေးနှင့်။ ခေါင်းစဉ်တပ်ရခက်သည့်အလုပ်။ အစုံ။
အ၀တ်လျှော်တာ ပါပါသည်။ မီးပူတိုက်တာပါပါသည်။ ငါးကိုင်၊ ဖားကိုင်၊ ဟင်းသီးဟင်း ရွက်ခြွေတာ၊ ဆိတ်တာ၊ ငရုတ်သီးထောင်းတာ၊ ပန်းကန်ဆေးတာ ပါပါသည်။ တံမြက်စည်းထလှည်းတာ၊ အိမ်ထတိုက်တာ၊ ဖျာတွေ နေပူထုတ်လှန်းတာမျိုးလည်း ပါပါသည်။ တစ်ခါတစ်ခါ အိမ်ထောင်ပရိဘောဂတွေ ဟိုနားရွှေ့၊ သည်နားရွှေ့လုပ်တာမျိုး၊ ကော်ဖီမစ်ပြေးဝယ်ခိုင်းတာမျိုး၊ ခြင်ဆေးခွေ ပြေးဝယ်ခိုင်းတာမျိုးတွေလည်း ပါပါသည်။
ဒါ့ကြောင့် သူ့အလုပ်က ခေါင်းစဉ်တပ်ရခက်သည့်အလုပ်။ အစုံ။ သည်ရပ်ကွက်ကလေးထဲမှာ သူ့အတွက် အားလပ်ရက်မရှိ။ တစ်အိမ်မဟုတ်၊ တစ်အိမ်မှာ သူ ရောက်နေတတ်မြဲဖြစ်ပါသည်။
အခုညနေခြောက်နာရီဝန်းကျင်မှာ သူ့အလုပ်တွေကို လက်စသတ်လိုက်ပြီး ပြန်တော့မယ်ဟု အိမ်ရှင်ကို နှုတ်ဆက်တော့ အိမ်ရှင်က ‘ဟဲ့ပြောဦး၊ ငါဘယ်လောက်ပေးရမှာလဲ’ဟု ဆိုပါသည်။ သူ့အဖြေက ထုံးစံအတိုင်းပဲပေါ့။
‘‘ကြည့်ပေး အစ်မရယ်’’တဲ့။
ကြည့်ပေး၊ ဟုတ်ပါသည် ကြည့်ပေး။ ဘယ်လောက်မှန်းလဲမသိ။ အိမ်ရှင်ထိုးထည့်ပေးလိုက်သော ပိုက်ဆံအလိပ်ကလေးက တစ်ထောင်လည်းဖြစ်နိုင်၊ နှစ်ထောင်လည်းဖြစ်နိုင်၊သုံးထောင်လည်း ဖြစ်နိုင်ပါသည်။ အလုပ်ချိန်သတ်မှတ်ချက်မရှိ။ အလုပ်အမျိုးအစား သတ်မှတ်ချက်မရှိ။ အစုံလုပ်။ အနည်းအများကြည့်ပေး။
မြန်မာပြည်မှာ ကြည့်ပေးတွေက တော်တော်များပါသည်။ ဘွားအေလုပ်သူက စားသောက်ဆိုင်ကောင်တာရှိရာဆီသို့ မြေးငယ်ကလေးကို စားပွဲထိုးအဖြစ် ခေါ်လာတော့လည်း ကြည့်ပေးတဲ့။ မြောင်းဖော်၊ မြက်ရှင်း၊ ခြံစည်းရိုး ပြန်မတ်ပေးသည့် ဦးကြီးကလည်း ကြည့်ပေးတဲ့။
ကမ္ဘာ့နိုင်ငံများ၌ အနိမ့်ဆုံးလစာဘယ်လောက်ဟု သတ်မှတ်နေကြချိန်မှာ ကျွန်တော်တို့တွေက အခုထိ ကြည့်ပေးကြတုန်း။ သဒ္ဓါသလောက် စွန့်ကြဲပါဆိုသည့်သဘော။ လူ့ဂုဏ်သိက္ခာပွန်းပဲ့လွန်းလိုက်တာ။
(နှစ်)
ဂျာမနီအဓိပတိ အင်ဂျလာမာကယ်လ်ကတော့ အမျိုးသမီးဖြစ်ပြီး တော်တော့ကို ပြတ်သားပါသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စကာဂျာမနီနိုင်ငံ၌ အခြေခံလစာ ၁ နာရီကို ၁၁ ဒသမ ၇၅ ဒေါ်လာ သတ်မှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။ အစိုးရအဖွဲ့ကလည်း ယင်းကိုလက်ခံပါသည်။ မျှတသောဝင်ငွေနှင့် လူ့ဂုဏ်သိက္ခာအတွက်ဆိုသောစကားက ကျွန်တော်တို့ကို ကျောချမ်းစေပါသည်။ လူသည် သူ့အလုပ်အတွက် ဂုဏ်သိက္ခာရှိသော ၀င်ငွေကိုရရှိရန် လိုအပ်ပါသည်။ ကြည့်ပေးလို့မရ။ တစ်နာရီ ၁၁ ဒသမ ၇၅ ဒေါ်လာဆိုတော့ မြန်မာငွေတစ်သောင်းလို့ပဲဆိုပါတော့။
အမေရိကန်နိုင်ငံကလည်း အခြေခံအကျဆုံးလစာကို တစ်နာရီ ၁၀ ဒေါ်လာအထက်ပဲ သတ်မှတ်ထားပါသည်။
ဂျပန်နိုင်ငံက အခြေခံလစာ ၁ နာရီ ယန်း ၈၅၀။ တစ်ယန်းကို တစ်ဆယ်ဖြစ်ရာ မြန်မာငွေကျပ် ၈၅၀၀။
ထိုင်းကမူ တစ်နေ့ဘတ် ၃၀၀။ တစ်ဘတ်ကို ကျပ် ၃၀ ၀န်းကျင်ဖြစ်သဖြင့် တစ်ရက်ကျပ် ၁၀၀၀၀ ဆိုသည့် သဘော။
နိုင်ငံအသီးသီးတို့သည် မိမိတို့၏ ဓနဥစ္စာဆူကြုံနိမ့်မြင့်ကိုလိုက်၍ အခြေခံလစာနှုန်းထားများ ကွာခြားနိုင်ပါသည်။ သို့သော် အရေးအကြီးဆုံးအချက်က ထိုအခြေခံလစာဖြင့် ထိုမိသားစု အခြေခံစားဝတ်နေရေး ဖူလုံ၏၊ မဖူလုံ၏ဟူသောကိစ္စ။ ကြည့်ပေးလို့တော့ မဖြစ်တန်ရာ။
(သုံး)
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်က အနည်းဆုံးလုပ်ခငွေကြေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးဖြစ်ပါသည်။ သို့သော် အခြေခံလစာမည်မျှဟူသည်ကိုမူ ယခုထိ မဆုံးဖြတ်ရသေးပါ။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ယာယီ)က ၂၀၁၃ ခုနှစ်တုန်းဆီက အခြေခံလစာ ကျပ် ၇၀၀၀ ဖြစ်သင့်ကြောင်း တောင်းဆိုသံများကို ကြားလိုက်ရပါသည်။ တစ်ဖန် ယခု ၂၀၁၄ ၌ တစ်ရက် ကျပ် ၈၅၀၀ ဖြစ်သင့်ကြောင်း တောင်းဆိုထားသည်ဟုလည်း သတင်းတွေထုတ်ပြန်ထားကြပါသည်။
လက်ရှိကုန်ဈေးနှုန်းကို မသိကျိုးကျွန်မပြုဘဲ၊ မမြင်ယောင်၊ မကြားယောင်မဆောင်ဘဲ၊ မျက်စိစုံမှိတ်မထားဘဲ အလုပ်လုပ်သော ပြည်သူလူထုဘ၀လုံခြုံမှုရရှိစေသော အခြေခံလစာကို အစိုးရက သတ်မှတ်ပေးနိုင်ရန် အလွန်လိုအပ်ပါသည်။
ဟောင်ကောင်ကလာသော သတင်းတစ်ရပ်၌ သူတို့၏အိမ်မွေးခွေးများကို ကျောင်းပေးရန်၊ ခွေးမစင်စွန့်ပြီးပါက တစ်ရှူး (Tissue)ဖြင့် ခွေးဖင်ကိုသုတ်ပေးရန် လစာငွေ ဒေါ်လာ ၅၀၀ ဖြင့် အလုပ်သမားအလိုရှိကြောင်း ခေါ်နေပုံကို တွေ့ရတော့ ကျွန်တော် အံ့သြမိပါသည်။
ပဒေသရာဇ်ခေတ်က သခင်နှင့်ကျွန်၏ ဆက်ဆံမှုမျိုးဖြင့် ခိုင်းချင်တာခိုင်းပြီး ကြည့်ပေးကြသော အလုပ်မျိုးမှာ လူ့ဂုဏ်သိက္ခာကို ထိပါးစေပါသည်။ လုပ်ခလစာဟူသည်မှာ သနားသဖြင့် စွန့်ကြဲပေးကမ်းသောအရာမဟုတ်ပါ။ ထိုက်တန်စွာချီးမြှင့်ရသောငွေဖြစ်ပါသည်။
ကြည့်ပေးသော ငွေကလေးဖြင့် ကြည့်နေကာ ကြည့်သေကြရသော အနေအထားမျိုးတွေက လွန်မြောက်သင့်ပါပြီ။
ကဲ၊ ဘယ်လောက်ပေးကြမလဲတဲ့။ လူထုက မေးထားသည့်မေးခွန်း။ ဖြေဆိုရန်မှာမူ အစိုးရ၏ကိစ္စ။ ။
Aye Chan Mon# Credit To :http://www.7daynewsjournal.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment