လမ်းပန်းဆက်သွယ်ရေး ပိုခက်လာ၍ ဆော့လော်မြို့နယ်ရှိ ကုန်ဈေးနှုန်း နှစ်ဆကျော်မြင့်
မြစ်ကြီးနား၊ မေ ၁
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆော့လော်မြို့နယ်ခွဲသို့ သွားရောက်ရသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာသဖြင့် ယင်းမြို့နယ်ရှိ ကုန်စည် ဈေးနှုန်းများမှာ မူယင်းဈေးထက် နှစ်ဆခန့် မြင့်တက်နေကြောင်း ဆော့လော် မြို့ခံများထံမှ သိရသည်။
ဝိုင်းမော်မြို့နယ်မှ ဆော့လော်မြို့နယ်ခွဲသို့ သွားရောက်ရာတွင် ယခင်က ဝိုင်းမော်-ချီဖွေ- ဆော့လော်လမ်းကို အသုံးပြုခဲ့သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအရ အဆိုပါလမ်းကို သွားလာမှု ကန့်သတ်ခဲ့ရာ နယ်စပ် ကန်ပိုက်တီး မြို့မှတဆင့် တရုတ်နိုင်ငံအတွင်းမှ ဖြတ်ကာ စဂျီနယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ဆော့လော်မြို့နယ်သို့ ဝင်ရောက်ရသဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်းတင်ယာဉ်များ သွားလာမှု မရှိဘဲ ဆိုင်ကယ်များနှင့်သာ သွားရောက်ရပြီးသည့် အပြင် ဝိုင်းမော်မြို့မှ ဆော့လော်မြို့သို့ ရောက်ရှိရန် နှစ်ရက် ကြာမြင့်ကြောင်း မြို့ခံ ကချင်အမျိုးသား တစ်ဦးက ပြောကြားသည်။
“ဒီလို ဆိုင်ကယ်နဲ့ပဲ သွားလာရတော့ ဒီမှာရောင်းတဲ့ ကုန်ပစ္စည်းတွေ ကိုလည်း ကိုယ်ပိုင် ဆိုင်ကယ်တွေနဲ့ပဲ တစ်နိုင်တစ်ပိုင် သယ်ရောင်းရတယ်။ လမ်းခရီး အရမ်းခက်တော့ မြစ်ကြီးနား၊ ဝိုင်းမော်က ကုန်ဈေးနှုန်းနဲ့ ဒီကဈေးက နှစ်ဆကျော် ကွာတယ်။ ဟိုမှာ တစ်ထောင်တန်က ဒီမှာ သုံးထောင်ကျော် ပေးရတယ်။ ဒါကြောင့်လည်း ဒေသခံတွေက မသုံးမဖြစ် ပစ္စည်းကလွဲရင် သိပ်မဝယ်ကြဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိ တရုတ်ပြည်တွင်းမှ တစ်ဆင့် ဆော့လော်မြို့သို့ သွားရောက်သည့် လမ်းမှာ ဒေသအဖွဲ့အစည်းများ သစ်ထုတ်လုပ်ရန် ၁၉၉၃ ခုနှစ်က ဖောက်လုပ်ခဲ့သည့် လမ်းဟောင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဆော့လော်မြို့နယ်ခွဲ အတွင်းတွင် အဖွဲ့အစည်းများမှာ သစ်ထုတ်လုပ်ငန်းနှင့် သတ္တုတွင်း လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသော်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခြင်း မရှိကြောင်း မြို့ခံများက ဆိုသည်။
ယင်းဆော့လော် မြို့နယ်တွင် လော်ဝေါ်နှင့် လာချိတ် လူမျိုးများ အများစု နေထိုင်ပြီး အစိုးရ အုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့ဖြစ်သည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.