0

Published on: May 13, 2014
Written by: နှင်းဝေ၊ အောင်မျိုးသန့်

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် မေ ၁၃ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ရန်ကုန်မြို့တွင်းရှိ ရွှေတိဂုံဘုရားအပါအ၀င် အခြားသော တန်ခိုးကြီးဘုရားများ၌ လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်၊ ကိုးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ မဟာဝိဇယဘုရား၊ ဆူးလေ၊ ဗိုလ်တထောင် စသည့်တန်ခိုးကြီးဘုရားများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

ကဆုန်လပြည်နေ့တွင် ရွှေတိဂုံစေတီတော်၌ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဘုရားဂေါပကအဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့ များက သစ်သီးဝလံများဖြင့် သစ်သီးဆွမ်းကပ်လှူပူဇော်ခြင်း၊ ၅ နာရီခွဲတွင် သြ၀ါဒါစရိယ ဆရာတော်ကြီး ၁၁ ပါးအား အရုဏ်ဆွမ်းကပ်လှူခြင်း၊ နံနက် ၆ နာရီခန့်တွင် သိကြားတစ်ဦး၊ ဗြဟ္မာနှစ်ဦး၊ နဂါးနှစ်ဦး၊ ဂဠုန်နှစ်ဦးနှင့် နတ်နှစ်ဦးတို့၏ ၀တ်စုံများဝတ်ဆင်၍ ရင်ပြင်တော်အား သာသနာ့အလံများဖြင့် တစ်ပတ်လှည့်လည်ခြင်းနှင့် နံနက် ၇ နာရီခွဲခန့်တွင် သြ၀ါဒစရိယဆရာတော်ကြီးများက ဗောဓိညောင်ပင်အား ရေသွန်းလောင်းခြင်းများကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့သည်။

"ဘုရားရင်ပြင်တော်မှာ ဗောဓိညောင်ပင် ငါးပင်ရှိပါတယ်။ ညောင်ရေသွန်းလောင်းရာမှာ ဘာသာရေးအသင်းအဖွဲ့တွေ၊ ဘုရားဖူးတွေ ရေသွန်းလောင်းရာမှာ အခက်အခဲတွေမရှိစေဖို့ ကြိုတင်စီစဉ်ပေးထားပါတယ်။ နောက်ပြီး ညဘက်ဘုရားရင်ပြင်တော်ပိတ်ချိန်ကို ည ၁၀ နာရီအထိ ဘုရားဖူးတွေ ရေသွန်းလောင်းနိုင်အောင် ကျွန်တော်တို့ စီစဉ်ပေးထားပါတယ်" ဟု ရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ ဒုရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

ရွှေတိဂုံစေတီတော်ပေါ်၌ မေ ၁၁ ရက်မှစတင်၍ မေ ၃၁ ရက်အထိ မဟာဗုဒ္ဓ၀င်ပြဇာတ်များကို ရေးဆွဲထားသည့် ကာတွန်းပေါင်း ၁၃၀ ကျော်ကို သွားရောက်ကြည့်ရူ လေ့လာနိုင်ကြောင်းလည်း သိရသည်။

ထို့ပြင် အခြားသော တန်ခိုးကြီးဘုရား၊ စေတီများတွင်လည်း ကဆုန်ညောင်ရေသွန်းလောင်းခြင်း စေတနာရှင်များမှ အသင်းအဖွဲ့များဖြင့် အအေး၊ ဖျော်ရည်များဖြင့် ဘုရားဖူးများကို တိုက်ကျွေးခြင်း၊ စာကလေးများ၊ ငှက်များလွှတ်ခြင်း စသည့်အလှူဒါနများကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။

"အစ်မတို့က ဒီနေ့ရုံးပိတ်ရက်လည်းဖြစ်တော့ သူငယ်ချင်းတွေစုပြီး ဘုရားလာတဲ့ ပြည်သူတွေကို အမောပြေအောင် လိမ္မော်ရည်တိုက်ပါတယ်။ ဒီတစ်ကြိမ်နဲ့ဆို အစ်မတို့ အအေးတိုက်တာ နှစ်ကြိမ်ရှိပါပြီ။ ပြီးခဲ့တဲ့သီတင်းကျွတ်တုန်းက တစ်ကြိမ်ပါ" ဟု မဟာဝိဇ္ဇယဘုရားတွင် အအေးဒါနပြုနေသည့် မရွှေစင်က ပြောကြားသည်။

ဘုရားဖူးပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် သာကေတ-ဒေါပုံ-ရွှေတိဂုံ စသည့်လမ်းကြောင်းအတိုင်း အခမဲ့ပို့ဆောင်ပေးသည့် ယာဉ်လိုင်းများလည်း ရှိနေပါသေးသည်။

"ရပ်ကွက်ဓမ္မာရုံကနေ စီစဉ်ပြီး အခမဲ့ယာဉ်လုပ်ဖြစ်တာပါ။ သာကေတဘက်ကနေ ရွှေတိဂုံဘုရားကို အဆင်ပြေစွာ သွားလာနိုင်အောင် စီစဉ်ပေးထားတာပါ။ ဘယ်သူမဆို စီးနင်းလို့ရပါတယ်" ဟု သာကေတ-ဒေါပုံ-ရွှေတိဂုံသို့ ပြေးဆွဲပေးနေသော ယာဉ်လိုင်းမှ သိရသည်။

ကဆုန်လပြည့်နေ့သည် အားလပ်ရက်ဖြစ်သည့်အတွက် ဘုရား၊ စေတီ၊ ပုထိုးများ၌သာမကဘဲ ရန်ကုန်မြို့တွင်းရှိ အများပြည်သူအပန်းဖြေနိုင်သည့် ပန်းခြံများဖြစ်သည့် တိရစ္ဆာန်ရုံ၊ ကန်တော်ကြီး၊ ကန်တော်မင်္ဂလာပန်းခြံ စသည့်တို့တွင်လည်း အပန်းဖြေလာရောက်သူများဖြင့် များပြားလျက်ရှိသည်။

"အစ်မတို့မိသားစုက ကျောက်တန်းကလာတာ။ အရင်ဆုံးရွှေတိဂုံဘုရားကို သွားဖူးတယ်။ ပြီးတော့ ကလေးတွေကို ကစားကွင်းပို့ချင်တာနဲ့ Happy World ပို့ပေးခဲ့ပါတယ်။ တစ်ခေါက်တစ်ခေါက်လာဖို့က မလွယ်ဘူးလေ" ဟု ကျောက်တန်းမြို့တွင်နေထိုင်သူ မခင်မြင့်ကဆိုသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီတိုင်း၌ ကဆုန်ညောင်ရေသွန်းပွဲသို့ လာရောက်ရေသွန်းလောင်းသူများနှင့် အထူးစည်ကားလျက်ရှိပြီး ယခင်နှစ်များထက် ဘုရားဖူးဧည့်ပရိသတ်များ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်၌ ဘုရားဖူးသူ ကဆုန်ညောင်ရေသွန်းသူများနှင့် စည်ကားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်၌ ဘုရားဖူးသူ ကဆုန်ညောင်ရေသွန်းသူများနှင့် စည်ကားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (4 photos)
1

Post a Comment

 
Top