0

Published on: May 13, 2014
Written by: မင်းသူဝင်းထွဋ်(မြောင်းမြ)

ဖျက်မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားတောင်သူများ နေလှန်းဆားချက်လုပ်ခြင်း လုပ်ငန်းများ စတင်ရပ်နားလိုက်ကြပြီဖြစ်ပြီး တောင်သူအားလုံး ရင်းနှီးကုန်ကျငွေများ ပြန်မရသည်အထိ အရှုံးနှင့်ထပ်မံ ရင်ဆိုင်ခဲ့ရကြောင်း ဆားတောင်သူများထံမှ သိရသည်။

“အစ်မက ဒီနှစ် ဧက ၈၀ လုပ်တယ်။ ဆားခုနစ်သိန်းလောက် ထွက်တယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်က တစ်ပိဿာကို ၃၅ ကျပ်လောက်ကျတယ်။ အခု လုပ်ငန်းသိမ်းလိုက်ပြီ။ လက်ထဲမှာလည်း ဆားမရှိတော့ဘူး။ ငွေမလည်တော့ ဆားပေါ်ထဲက ရောင်းခဲ့ရတာ။ ရင်းနှီးစိုက်ထုတ်ငွေက သိန်း ၂၀၀ လောက်ကျတယ်။ ဒီနှစ်အလုပ်လုပ်တာ ကျပ်သိန်း ၄၀ လောက် ရှုံးသွားတယ်။ နောက်နှစ်တော့ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ” ဟု လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲအတွင်းရှိ ဆားတောင်သူတစ်ဦး ဒေါ်ကျင်ဌေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်နှစ်များက ဆားတောင်သူပေါင်း ၉၁၇ ဦးရှိကာ ယခုနှစ်တွင် လုပ်ကိုင်သူ ၁၈၆ ဦးသာရှိတော့ကြောင်း လပွတ္တာမြို့နယ်နှင့် ငပုတောမြို့နယ်တွင် ဆားတိုက်နယ် ကိုးခုရှိရာမှ ယခုနှစ်တွင်မှု ခုနစ်ခုသာ လုပ်ဆောင်နိုင်တော့ကြောင်း၊ ဆားတောင်သူများမှာ သွင်းအားစုစရိတ် ကြီးမြင့်လာမှု လုပ်သားရှားပါးခြင်းနှင့် ဆားဈေးများ ကျဆင်းလာမှုကြောင့် လုပ်ငန်းများရပ်သူ ပိုမိုများပြားလာခဲ့သည်။

“ဆားကွင်းတွေမှာ ရာနှုန်းပြည့်လုပ်ငန်းတွေ သိမ်းပြီးကြပြီ၊ အချို့ မိုးမထိသေးတဲ့ နေရာတွေလည်း သိမ်းနေပြီ။ ဒီနှစ်က ဆားအထွက်လည်း နည်းတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကလည်း ပိုမြင့်လာတယ်။ ဆားဈေးလည်းမရတော့ တောင်သူအားလုံး အရှုံးပေါ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်တာနဲ့ လုပ်သားတွေရှားပါးတယ်။ ဆားအထွက်နည်းတာတော့ ရာသီဥတုကြောင့်ပါ။ ရာသီဥတုက ပူလွန်းတဲ့နှစ်ဖြစ်ပေမယ့် အငွေ့ပြန်မှုနည်းတော့ ဆားအထွက်ကျတယ်။ ထုတ်လုပ်စရိတ်က တစ်ပိဿကို ၃၅ ကျပ်ကနေ ၄၀ ကြားရှိတယ်။ ဆားကြမ်းဈေးက အဲ့လောက်မရှိတော့ အရှုံးပေါ်ကြတယ်” ဟု လပွတ္တာမြို့နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မင်းက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ဆားတောင်သူများကို ဆားကြမ်းဈေးကွက်တစ်ခု ဖန်တီးပေးရန်၊ ဆားကြမ်းများ အသုံးပြုနိုင်မည့် စက်ရုံများ တည်ဆောက်ပေးရန်၊ ပြည်ပမှ တင်သွင်းသော ဆားများကို အခွန်အကောက်များနှင့် စည်းကြပ်ကာ ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ပေးရန် လိုအပ်ကြောင်း ဆားတောင်သူများက ထောက်ပြဝေဖန်ခဲ့ကြသည်။

ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ဆားလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
2

Post a Comment

 
Top