Published on: May 13, 2014
Written by: အောင်သူ၊ လဲ့လဲ့အောင်
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ခရိုင်ငါးခုရှိ ကျေးရွာ ၁၃ ရွာတွင် ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ သိရသည်။
ကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းများကို မန္တလေးခရိုင်တွင် ရှမ်းကလေးကျွန်းကျေးရွာ၊ ပြင်ဦးလွင်ခရိုင်တွင် ထုံးကြီးကျေးရွာ၊ ဆည်သည်ကျေးရွာ၊ ကြာဥယျာဉ်ကျေးရွာ၊ စားကျက်ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ မိုးကြိုးကျေးရွာ၊ မွေကတို့ဆိပ်မွေပုသိမ်ရွာနှင့် သဖန်းကိုင်းကျေးရွာ၊ မြင်းခြံခရိုင်တွင် (လင့်ကြီး၊ နတ်ကျွန်း၊ ဒါးကျွန်း) ကျေးရွာနှင့် လင်္ကာဒီပကျေးရွာ၊ မတ္ထီလာခရိုင်တွင် အုတ်ကျင်းကျေးရွာနှင့် ညောင်ဦးခရိုင်တွင် သူကောင်းတည်ကျေးရွာတို့တွင် ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ခုနှစ် ရေနည်းကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေနဲ့ ဒီနှစ်ပြုလုပ်မယ့် ကမ်းပါးပြိုကာကွယ်ရေး နေရာ ၁၃ နေရာ ရှိပါတယ်။ အရင်နှစ်က ခွင့်ပြုရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ရွာ ကိုးရွာ ကမ်းပါးပြိုကာကွယ်ရေးတွေက ဧပြီလကုန်မှာ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် ဒီနှစ်အတွက် လျာထားတဲ့နေရာတွေကို ကာကွယ်ရေးလုပ်ငန်းတွေ စတင်ဖို့ စဉ်းစားပေမယ့် မြစ်ရေတက်လာမယ့်အချိန်နဲ့ မမီမှာစိုးလို့ ရေနည်းရာသီဖြစ်တဲ့ နိုဝင်ဘာလလောက်မှာပဲ စတင်လုပ်နိုင်မှာပါ။ ရေတက်လာမယ့် အချိန်မှာ လိုအပ်ရင်တော့ ယာယီကာကွယ်ရေးတွေ လုပ်ဆောင်ပြီး ကမ်းပါးပြိုကျမှုကို ထိန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ တိုင်းဦးစီးမှူးက ပြောကြားသည်။
လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေသည် အနည်းငယ် မြင့်တက်လာပြီဖြစ်သောကြောင့် ရေဦးထိုးကာ ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေသော မန္တလေးတိုင်းဒေသကြီး မတ္တရာနှင့် စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာငါးခုတွင် အရေးပေါ် ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းကလည်း ရွာကိုးရွာ ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၀၀ ကျော် သုံးစွဲခွင့်ပြုခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၉၇ ဒသမ ၃ သန်း အသုံးပြုခွင့် ရရှိပြီးဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဧပြီလအတွင်းက ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေသော ကျေးရွာတစ်ခုကို တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment