ACM Re-Post 26-5-2014
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများအကြား သဘောထား ကွဲလွဲမှုများ ရှိနေသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်ကို ဇွန်လဆန်းပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပေဒတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ကြေး၊ ရွေးကောက်ပွဲဆိုင်ရာ တရားရုံး စရိတ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လေ့လာ စောင့်ကြည့်မှုများကို အဓိက ပြင်ဆင်ထားကြောင်း ၎င်းကပြောကြားသည်။
“အဓိကပါတီတွေ တော်တော်များများက တင်ပြထားတာတွေကို ပြင်ဆင်ထားပါတယ်။ အတတ်နိုင်ဆုံး နှစ်ဖက် ညှိနှိုင်းပြီး အချက်တွေကို ထည့်သွင်း ဖြည့်စွက်ထားပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်များကို ညှိနှိုင်းရန်အတွက် မေလ ဒုတိယပတ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ထားသော်လည်း တိကျသော အဖြေမရရှိခဲ့ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
ထို့အပြင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများတွင် မလိုလားအပ်သော ကန့်သတ်ချက်များကို ပြင်ဆင်ပေးရန် လိုအပ်နေကြောင်း ရခိုင် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“နိုင်ငံရေးပါတီတွေ လိုချင်တဲ့ ပုံစံကို ဘယ်လောက် လိုက်လျောသလဲ ဆိုတာကို အခုနည်းဥပဒေကို စောင့်ကြည့်ရမှာပါ” ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ မှတ်ပုံတင်ကြေးကို မူလ ကျပ်ငွေငါးသိန်းမှ ကျပ်ငွေသုံးသိန်သို့ လျှော့ချသတ်မှတ်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် မူလ မဲအရေအတွက်မှ ရှစ်ပုံတစ်ပုံ ထောက်ခံမဲ ရရှိလျှင် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ကြေး ပြန်လည်ရရှိမည့် အချက်များကို ပြင်ဆင်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment