ရန်ကုန်၊ ACM Re-Post 29-5-2014
လွန်ခဲ့သည့် ရက်ပိုင်းက တိုက်ပွဲနှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် RSO တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကာ RSO တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်း နယ်ခြားစောင့် ရဲတပ်ရင်း (၂) မှ ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်က ပြောကြားသည်။
RSO (Rohingya Solidarity Organization) အဖွဲ့ကဟု ယူဆရသည့် လက်နက်ကိုင် နှစ်ဦးသည် မိုင်တိုင်အမှတ် ၅၂ အနီးသို့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ချဉ်းကပ်လာစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံရာမှ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့ဘက်က စပစ်တယ်။ ဒီဘက်က ပြန်ပစ်တယ်” ဟု ဒုတိယရဲမှူးကြီး သီဟန်က ရှင်းပြသည်။
နယ်စပ် စည်းမျဉ်းများအရ တစ်ဖက်နိုင်ငံ၏ ခြံစည်းရိုးအနီး ချည်းကပ်ပါက ခွင့်ပြုချက် တောင်းခံခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ အလံမြှင့်တင်ကာ တရားဝင် လာရောက်ခြင်း စသည့် စည်းမျဉ်းများကို လိုက်နာခြင်း မရှိဘဲ မြန်မာနယ်စပ် ခြံစည်းရိုးကို လက်နက်ကိုင်ကာ ခိုးဝင်ခြင်း ဖြစ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ကျဆုံးသွားသည့် RSO အဖွဲ့ဝင် ကိုင်ဆောင်သည့် လက်နက်နှင့် ကျည်ဆန်များကိုလည်း သိမ်းဆည်းထားပြီး ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
မောင်တောခရိုင်ရှိ အဆိုပါမိုင်တိုင် အမှတ် ၅၂ တွင် မေလ ၁၇ ရက်နေ့က RSO များ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦး ကျဆုံးခဲ့ပြီး ဒုတိယရဲအုပ် အဆင့်ရှိသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ကလည်း မိုင်တိုင်အမှတ် ၃၈၊ ၃၉ ကြားတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးကျဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment