0

ယူကရိန်းနှင့် နယ်စပ်တစ်လျှောက်မှ ရုရှားတပ်များ ဆုတ်ခွာသွားသည့် အထောက်အထား မတွေ့ရခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ရုရှားအစိုးရအား သတိပေးခဲ့သည်။ ရုရှားက တင်းမာမှုများ ဖြစ်ပေါ်နေရာ ယူကရိန်း အရှေ့ပိုင်း နယ်နိမိတ်အနီးတွင် တပ်စွဲထားသည့် စစ်အင်အားကို ရုပ်သိမ်းမည်ဟု ပြောဆိုထားသော်လည်း ယင်းအဆိုအပေါ် ခိုင်ခိုင်မာမာ သက်သေပြရန် လိုအပ်ကြောင်း အမေရိကန်က တောင်းဆိုခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အဆိုပါဒေသမှ တပ်များကို ပြန်လည်ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ပြီးဖြစ်ကြောင်း ပြောဆိုထားသော်လည်း လက်ရှိတွင်မူ ရုရှားတပ်ဖွဲ့များ ခြေကုပ်ယူထားဆဲဟု ဆိုသည်။

ရုရှားမီဒီယာများက ယူကရိန်းနှင့် နယ်ခြားတွင် စစ်ရေးလေ့ကျင့်နေမှုများ ပြီးဆုံးခဲ့ပြီဟု ဖော်ပြခဲ့ကြသည်။ ယူကရိန်း နယ်ခြားတွင် ရုရှားစစ်သည် ထောင်နှင့်ချီ ဆက်ရှိနေနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက “ရုရှားတပ်တွေ နယ်ခြားဒေသမှာ ဆက်ရှိနေတာဟာ ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူတို့တွေ ဆုတ်ခွာသွားတယ်ဆိုတဲ့ အထောက်အထား တစ်ခုတစ်လေမှ ကျွန်တော်တို့ မရထားပါဘူး”ဟု ပြောကြားခဲ့သည်။

၎င်းကပင် “ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။ ရုရှားတပ်တွေ အနေနဲ့ သေချာပေါက် တပ်ပြန်ဆုတ်သွားပြီ ဆိုတာကို ခိုင်မာအောင် ပြသဖို့ လိုပါတယ်”ဟုလည်း မှတ်ချက်ပေးခဲ့သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးကာနေးကလည်း “တကယ်လို့ ရုရှားစစ်တပ်သာ ပြန်ရုပ်သိမ်းသွားတယ်ဆိုရင် ကျွန်တော်တို့ သေချာပေါက် သိမှာပါ။ အဲဒီအခါကျရင်တော့ အတည်ပြုပါမယ်”ဟု အမေရိကန်၏ ထောက်လှမ်းရေး ကွန်ရက် ကျယ်ပြန့်မှုကို ရည်ညွှန်း ပြောဆိုသွားခဲ့သည်။

ACM Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top