ရန်ကုန်၊ မေ ၁၆
အာရှဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် AFC Challenge Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ အပြီးသတ် လူစာရင်းကို မေလ ၁၆ ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။
ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် လေ့ကျင့်ခဲ့သည့် မြန်မာအသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်အပြီးတွင် ယခုကဲ့သို့ အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ ဆားဘီးယားနိုင်ငံသား နည်းပြချုပ် အေဗရာမိုဗစ်ခ်ျ ထုတ်ပြန်ခဲ့သည့် အပြီးသတ် ကစားသမား စာရင်းမှာ ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ဗန်လားဟာရွယ်၊ နောက်တန်း- ရန်အောင်ဝင်း၊ သိန်းဇော်၊ ဇော်မင်းထွန်း၊ ရဲဝင်းအောင်၊ အောင်ဟိန်းကျော်၊ အောင်သိုက်၊ ခင်မောင်လွင်၊ အောင်ဇော်၊ ပြည့်ဖြိုးအောင်၊ အလယ်တန်း- မင်းမင်းသူ၊ ငြိမ်းချမ်းအောင်၊ ကျော်မင်းဦး၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ ဒေးဗစ်ဒန်း၊ စည်သူအောင်၊ ရှေ့တန်း- ကျော်ကိုကို၊ ကောင်းစည်သူ၊ ရန်ပိုင်၊ ချစ်စုမိုးတို့ ဖြစ်သည်။
မြန်မာအသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ရန်ကုန်မြို့တွင် စင်ကာပူကလပ် Lions XII အသင်းကို နှစ်ဂိုးတစ်ဂိုး၊ ထိုင်းနိုင်ငံတွင် မေလ ၁၂ ရက်နေ့က ခြေစမ်းပွဲ ကစားခဲ့ရာတွင် ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက် အသင်းကို နှစ်ဂိုး တစ်ဂိုး၊ မေလ ၁၄ ရက်နေ့တွင် ထိုင်းလက်ရွေးစင် အသင်းကို တစ်ဂိုးဖြင့် နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် AFC Challenge Cup ပြိုင်ပွဲအုပ်စု (က) တွင် အိမ်ရှင် မော်လဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ်စတန် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် မော်လဒိုက်အသင်းနှင့် မေလ ၁၉ ရက်၊ ပါလက်စတိုင်း အသင်းနှင့် မေလ ၂၁ ရက်၊ ကာဂျစ်စတန် အသင်းနှင့် ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်ရမည်ဟု အာရှ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
AFC Challenge Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းမှာ ၂၀၁၅ ခုနှစ်တွင် သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် အာရှဖလားပြိုင်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
မြန်မာအသင်းသည AFC Challenge Cup ပြိုင်ပွဲကို စတင် ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနစ်တို့တွင် စတုတ္ထနေရာကို ရရှိခဲ့ဖူးပြီး ၂၀၁၂ ပြိုင်ပွဲတွင်မူ ခြေစစ်ပွဲပင် အောင်မြင်ခဲ့ခြင်း မရှိပေ။
မြန်မာအသင်းသည် AFC Challenge Cup ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များကို ယှဉ်ပြိုင်နိုင်ရန် ခြေစစ်ပွဲကို ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ကာ ဂူအမ်အသင်းကို ငါးဂိုး၊ အိန္ဒိယအသင်းကို တစ်ဂိုးဖြင့် အနိုင်ရခဲ့ကာ တရုတ်တိုင်ပေ အသင်းကို တစ်ဂိုးစီ သရေကျကာ ခြေစစ်ပွဲကို အုပ်စုဗိုလ်ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
Aye Chan Mon# Credit To : The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment