Published on: April 23, 2014
Written by: နေမျိုးထွန်း၊ ကေခိုင်ဝင့်
ဝီကီပီးဒီးယား (အွန်လိုင်းအခမဲ့လွတ်လပ် စွယ်စုံကျမ်း) ကို အင်တာနက်အသုံးပြုခ ပေးဆောင်ရန်မလိုဘဲ အခမဲ့သုံးစွဲနိုင်မည့် Wiki Zero အစီအစဉ်အတွက် မြန်မာဝီကီတွင် ပါဝင်ရေးသားနေသူများနှင့် တယ်လီနောကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အူရီဒူးကုမ္ပဏီ အနေဖြင့်လည်း ကူညီပံ့ပိုးမှုများပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
“ဧပြီလထဲမှာ တယ်လီနောနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တယ်လီနော၊ အူရီဒူး စတဲ့ကုမ္ပဏီတွေ အနေနဲ့လည်း Wiki Zero အတွက် အစောကြီးကတည်းက လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ တယ်လီနောက ၀ီကီလုပ်ငန်းတွေအတွက် နေရာထိုင်ခင်းနဲ့ ကွန်ပျူတာတွေ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။ တယ်လီနောရုံးမှာ အခန်းနှစ်ခန်းပေးမယ်လို့ ပြောတယ်။ တစ်ခန်းဆိုရင် ရပါပြီ။ ၀ီကီမှာ ၀င်ရေးဖို့အတွက် ၀ါသနာပါပြီး ရေးမယ့်သူတွေကို တစ်လကျော်ကြာလောက် Training ပေးမယ်။ အဲဒီကနေ လက်ဆင့်ကမ်း Training တွေပေးသွားမယ်၊ ရေးသားသူတွေကိုလည်း ငွေကြေးပံ့ပိုးသွားမယ်လို့ ဆွေးနွေးကြပါတယ်။ တယ်လီနောက အစဦးပိုင်းမှာ အရည်အသွေးမီ Articles ၅၀ လောက်ပေးဖို့ တောင်းထားပါတယ်။ တယ်လီနောဘက်က အကြံပြုတဲ့အချက်တွေ တော်တော်ကောင်းပြီး စနစ်တကျလည်း ရှိပါတယ်။ အူရီဒူးကတော့ ဆင်းကတ်တွေ စမရောင်းခင် လေးလလောက် အလိုမှာ Articles တစ်သိန်း လိုချင်တယ်လို့ တောင်းဆိုတယ်။ တစ်သိန်းဆိုတဲ့ ပမာဏကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ရင်ရပေမယ့် ဖြစ်ကတတ်ဆန်းတော့ မလုပ်ချင်ဘူး” ဟု မြန်မာဝီကီတွင် အဓိကရေးသားနေသူ တစ်ဦးဖြစ်သော ကိုမေယာက ပြောကြားခဲ့သည်။
မြန်မာဝီကီပီးဒီးယားတွင် Articles ပေါင်း ၃၀၀၀၀ ၀န်းကျင်ခန့်သာ ရှိသေးပြီး ၀င်ရောက်ရေးသားသူ အလွန်နည်းပါးနေကြောင်း သိရသည်။ ယူနီကုတ်ကို သုံးစွဲထားသောကြောင့် ၀င်ရောက်ရေးသားသူနည်းပါးပြီး ပရဟိတ လုပ်ငန်းကဲ့သို့ ဖြစ်နေခြင်းကြောင့်လည်း ၀ါသနာအရသာ ၀င်ရေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဝီကီပီးဒီးယားမှာ ဘာသာစကား အမျိုးမျိုးဖြင့် အကြောင်းအရာမျိုးစုံကို ၀င်ရောက်ဖတ်ရှုနိုင်ပြီး မြန်မာဘာသာဖြင့် ၀ီကီမှာ အဆင့် ၈၀ နေရာတွင်သာ ရပ်တည်နိုင်ကြောင်း သိရသည်။
ဝီကီပီးဒီးယားတွင် ဖော်ပြထားသည့် မြန်မာဝီကီပီဒီးယားအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မိုး)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment