လူမျိုးရေးပဋိပက္ခများ ရပ်တန့်နိုင်ရေး မြန်မာအစိုးရ ဖြေရှင်းရန် အမေရိကန် တိုက်တွန်း
Published on: April 19, 2014
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများ ရပ်တန့်ရေးနှင့် ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာ ထောက်ထားမှုအကူ အညီများပေးအပ်နေသော အလုပ်သမားများအား အကာအကွယ်ပေးရေးတို့တွင် အစိုးရအနေဖြင့် ကြားဝင်ဖြေရှင်းပေးရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ဧပြီ ၁၇ ရက်တွင် တိုက်တွန်းခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ရခိုင်ပြည်နယ်တွင် ယခုလအစောပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသည့် အလုပ်သမားများမှာ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားခဲ့ပြီး လူထောင်ပေါင်း များစွာအတွက် အစားအစာနှင့် ရေပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိနေသည် ဟုဆိုသည်။
"မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ကျွန်မတို့အနေနဲ့ ဆက်လက်ထောက်ခံ နေဆဲပါပဲ။ ဒါပေမဲ့ ကျွန်မတို့ အကြီးအကျယ် စိုးရိမ်နေမိတာက အစိုးရက ထိရောက်တဲ့ကြားဝင် ဖြေရှင်းမှုတွေ မလုပ်ဘူးဆိုရင် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ ပိုဆိုးလာပြီး အသက်ပေါင်းများစွာ ဆုံးရှုံးရမယ်။ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိမှုကလည်း တည်ငြိမ်နိုင်မှာ မဟုတ်ဘူး" ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမန်သာပါဝါက ပြောကြားသည်။
"ဒီပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့နဲ့ အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ဖို့အတွက် သွားနေတဲ့ ခရီးလမ်းမှာ နှောင့်နှေးမှုတွေ မဖြစ်စေဖို့အတွက် အစိုးရက အရေးပေါ်လုပ်ဆောင်မှုတွေ လိုအပ်နေပါပြီ" ဟု ၎င်းကဆက်လက် ပြောကြားသည်။
အမေရိကန်သံအမတ်၏ ပြောဆိုမှုသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီးယား၏ မြန်မာနိုင်ငံ အနောက်ဘက် အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ရှင်းလင်းတင်ပြမှု အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်နေသည့် အလုပ်သမားများအပေါ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂက စိုးရိမ်မိကြောင်း ပြောကြားပြီး နောက်ပိုင်းတွင် မြန်မာအစိုးရက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များအား အကာအကွယ်ပေးရန် ကတိပြုပြောဆိုခဲ့သည်။
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment