0

ကိုတိုးကြီး| စနေနေ့၊ ဧပြီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရွှေဘို၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ၊ အင်ကြင်းတော ဘုရားပွဲတော်၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိ အပါအ၀င် ရဲတပ်ဖွဲ့ဝင်အချို့ ရိုက်နှက်ခံရသည်ဟု ရွှေဘိုမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧပြီလ ၁၈ ရက်က မဇ္ဈိမကို ပြောသည်။

ယင်းသို့ အရိုက်ခံရခြင်းကြောင့် ရဲအုပ်တစ်ဦး ဝဲဘက်မျက်လုံး ဖုယောင်ညိုမဲပြီး ဝဲဘက်လက်သန်းပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။ ဒုရဲအုပ်တစ်ဦးမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲခဲ့ပြီး ဝဲပါးရိုး နာကျင်ခဲ့ရသည်ဟု ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နံနက် ၁နာရီအချိန်က အင်ကြင်းတော ဘုရားပွဲတော်ရှိ ဘုရားကြီး၏ အရှေ့မြောက်ဘက်နေရာတွင် ခိုက်ရန်ဖြစ်ပွားနေသည်ဟု ဆိပ်ခွန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပွဲတော်လုံခြုံရေး စခန်းသို့ သတင်းပေးပို့သည့်အတွက် ရန်ပွဲကိုဖျန်ဖြေရန် ပွဲတော်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ခဲ့စဉ် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

“ဒီရဲတွေကို အရှင်မထားနဲ့ အသေသတ် ” ဟု ကြိမ်းဝါးကာ ရဲတပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေ ဦးအောင်နိုင်ဝင်းနှင့် ဦးရွှေအောင် ဆိုသူတို့က ပြောသည်။

ထို့ကြောင့် ပွဲတော်လုံခြုံရေး ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို အနာတရ ရရှိအောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူများကို ရွှေဘိုမြို့မရဲစခန်းက (ပ) ၁၇၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၃ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Aye Chan Mon# Credit To : Mizzima - News in Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top