မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ စံနှုန်းသစ် မေလအတွင်း ထွက်ရှိမည်
မန္တလေး၊ ဧပြီ ၁၈
ပြင်ပပေါက်ဈေးထက် အဆများစွာ ပိုမိုမြင့်တက်နေခဲ့သော မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ စံနှုန်းများကို ပြန်လည် စိစစ်ကာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်အတွက် အိမ်၊ ခြံ၊ မြေ စံနှုန်းသစ်များအား လာမည့် မေလအတွင်း အပြီးထုတ်ပြန်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။
ယင်းသို့ အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်နိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် မြို့နယ်၊ ခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ၊ စည်ပင်သာယာရေး ကော်မတီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြေယာ စီမံခန့်ခွဲမှု ကော်မတီတို့မှ ရရှိထားသည့် လက်ရှိ အိမ်၊ ခြံ၊ မြေပေါက်ဈေးများကို ကောက်ယူကာ မေလအတွင်း အပြီးသတ်မှတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အိမ်၊ ခြံ၊ မြေတန်ဖိုး သတ်မှတ်တာက ကောင်းတယ်။ အရင်က သတ်မှတ်ခဲ့တာ မရှိတော့ ရောင်းချင်သလို ရောင်းနေတော့ ရာတန်တာက ထောင်တန် ဖြစ်သွားတယ်။ အခုလို သတ်မှတ်လိုက်တော့ ဈေးဘယ်လောက် တင်တင် ဝယ်တဲ့လူက အခွန်ဆောင်ရမှာ ဖြစ်တော့ ဈေးတင်မရတော့ဘူး။ မကောင်းတာက အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်လိုက်တဲ့အခါ အရောင်းအဝယ်တွေ အေးသွားတယ်။ သောင်းတန်တဲ့ အိမ်၊ ခြံ၊ မြေတွေက ထောင်ကျော်ဈေး ကျသွားတယ်။ ထောင်ကျော်တန်တာတွေက ရာကျော်ဈေးကျတယ်။ အိမ်၊ ခြံ၊ မြေစံနှုန်းကို လျော့နိုင်သလောက် လျော့အောင် သတ်မှတ်ပေးနိုင်ရင်တော့ အခွန်ဆောင်သူလည်း နိုင်နိုင်နင်းနင်း ဆောင်နိုင်သလို၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်တွေလည်း ပြန်ဦးမော့လာဖို့ ရှိတယ်” ဟု အောင်မြေသာစံမြို့နယ် အခြေစိုက် ဝါရင့် အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဦးသန်းဆွေမြင့်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီးတွင်၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ အခွန်သတ်မှတ် လျာထားချက်၏ ၃၃ ရာခိုင်နှုန်းကျော် ရရှိခဲ့သော်လည်း အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်လိုက်သဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကောက်ယူခွင့်ရှိသော တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ သိန်းဆုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်တို့မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ၁၀၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဝန်ကြီးက ထပ်လောင်း ပြောကြားသည်။
“မနှစ်က နိုဝင်ဘာလ လောက်ကမှ အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်တဲ့ ဥပဒေကထွက်တော့ တက်သုတ်ရိုက်ပြီး ၂၀၁၃ ခုနှစ်အတွက် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်လိုက်ရတယ်။ ဒီနှစ် အတွက်ကတော့ သေသေချာချာ စိစစ်ပြီး သတ်မှတ်သွားမှာပါ” ဟု ဝန်ကြီး ဒေါက်တာမြင့်ကြူက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေဖြစ်ပါက အခွန်ဆောင်ရမည့် နှုန်းထားမှာ တစ်ကျပ်မှ ကျပ်သိန်းငါးရာအထိ အခွန်ငွေ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိ အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃၀၀၀ အထက် ပမာဏကို ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်သဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် သွက်လာနိုင်ကြောင်း မန္တလေးအခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက တညီတညွတ်တည်း ပြောကြားသည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.