0

Published on: April 24, 2014
Written by: ဝေလင်း(ပြည်)

၂၀၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ပြည်မြို့၊ န၀ဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ချစ်သူစုံတွဲကို လုယက်သတ်ဖြတ်ခဲ့မှု တစ်နှစ်ပြည့်သည့်တိုင်အောင် အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့်အတွက် သေဆုံးသူ ကိုဇော်မင်းဦး၏ မိသားစုများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိသားစုထံက သိရသည်။

“အခုချိန်ထိ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပေးတာ မရှိသေးဘူး။ ကိုဇော်မင်းဦးရဲ့ ဈာပနတုန်းက တပ်မတော်အရာရှိတွေရယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာမှစိတ်မပူဖို့၊ သူတို့တပ်သားတွေ မဟုတ်ဘူး ဆိုရင်လည်း အမြန်ဆုံးတရားခံကို ဖော်ထုတ်ပေးမှာပါလို့ ကတိခံသွားကြတယ်။ CID ကလည်း လာစစ်သွားပြီး သုံးလေးလကြာတော့ ရဲမှူးမိုးအောင်က ဖုန်းတောင်မကိုင်တော့ဘူး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာကလည်း ပြည်သူတွေအားလုံး သိသွားစေချင်တယ်။ တပ်မတော်အနေနဲ့ သူတို့မဟုတ်ရင်လည်း ရှင်းပေးစေချင်လို့ပါ” ဟု မအိဇင်မိုးကိုက ပြောကြားသည်။

လူသတ်လုယက်မှုတွင် တပ်မတော်သားသုံးယောက် ပါဝင်ပတ်သက်သည်ဟု သံသယ ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာနှင့် မလှမ်းမကမ်းတွင် ဖမ်းဆီးရမိခဲ့သော တပ်မတော်သား သုံးယောက်ကို သက်ဆိုင်ရာ မိခင်တပ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖော်ထုတ် ဖြေရှင်းပေးသွားမည်ဟု တပ်၏အကြီးတန်း အရာရှိများက တာဝန်ခံခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ပြည်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) တွင် ပြုလုပ်သော ကာယကံရှင် မိသားစုနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ၎င်းတို့၏တပ်သားများ မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြောင်း၊ ဖြေရှင်းပေးရန် တာဝန်ခံခဲ့သည့် ခ.လ.ရ (၇၅) တပ်မှ တပ်ရင်းမှူး ကျော်စွာမောင်အား တောင်ငူသို့ ပြောင်းရွှေ့ခဲ့ခြင်း၊ တပ်မ (၆၆) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးနေ၀င်းအား ဘူးသီးတောင်မောင်တောသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကိုဇော်မင်းဦး၏ မိသားစုများထံက သိရသည်။

“တစ်နှစ်ပြည့်ပြီးတဲ့အထိ တရားခံမပေါ်တာ အရမ်းဝမ်းနည်းမိတယ်။ အသတ်ခံရပြီး သေတဲ့အတွက်ကော အမှုမှန်ပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်ပေးမယ့် သူတွေက လုပ်မပေးတဲ့ အတွက်လည်း ယူကျုံးမရ ဖြစ်မိတယ်” ဟု ကိုဇော်မင်းဦး၏ အစ်မဖြစ်သည့် မသီတာဦးက ပြောကြားသည်။

သတင်းစာရှင်းလင်ပွဲကို ဧပြီ ၂၇ ရက်တွင် ပြည်မြို့ တစ်လမ်းမောင်းထောင့်ရှိ သံလွင်ခက် စွမ်းရည်မြင့်တင်မှုကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top