Published on: April 19, 2014
Written by: ဆန်းထူးအောင်
သင်္ကြန်ကာလအတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဆန်း ၁ ရက်နေ့၌ အင်းလေးဒေသအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၇ လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီ ၁၂ မှ ၁၇ ရက်အတွင်း လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့သော နေရာများမှာ ၁၂ ရက်တွင် တောင်ကြီးမြို့၌ မိုးသီးကြွေကာ မိုးရွာသွန်းခဲ့ခြင်း၊ ၁၄ ရက်၌ ကရင်ပြည်နယ် ဘားအံမြို့တွင် လေပြင်းတိုက်ခတ်ကာ လျှပ်စီးလက်ခြင်း၊ ၁၅ ရက်တွင် ကရင်ပြည်နယ်ကော့ကရိတ်၌ မိုးကြိုးပစ်ကာ မိုးရွာသွန်းခဲ့ပြီး ၁၇ ရက်၌ မန္တလေးတိုင်းဒေသကြီး မိုးကုတ်တွင် မိုးသီးကြွေခြင်းများ ဖြစ်ပွားခဲ့သည်။
"သင်္ကြန်းအတွင်းမှာ လေပြင်းတိုက်တာတွေ မိုးသီးကြွေတာ၊ လျှပ်စီးလက်ပြီးတော့ မိုးရွာတာတွေဖြစ်ခဲ့တယ်။ တောင်ကြီးမှာဆို မိုးရွာတာ ၂၄ မီလီမီတာလောက် ရှိတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မှာ မိုးကြိုးပစ်ပြီး မိုးရွာတာ မိုးလေရချိန် ရှစ်မီလီမီတာ လောက်ရှိတယ်။ အင်းလေးမှာ လေဆင်နှာ မောင်းတိုက်တာကတော့ သိပေမယ့် မိုးလေ၀သစခန်းက မဖွင့်ရသေးတဲ့အတွက် အချက်အလက် အတိအကျမရဘူး။ အဲဒီနေရာမှာ မိုးလေ၀သ စခန်းအသစ်ဖွင့်ဖို့ လုပ်သွားမယ်" ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အင်းလေးဒေသအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်များပျက်စီး ဆုံးရူံးမှုအား ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြန်လည်ပြုပြင် ရကြောင်းကိုလည်း အင်းလေးကန် မြောက်ဘက်ခြမ်းရှိ နန်းသဲကျေးရွာအုပ်စုမှ ဦးတင်မောင်က ပြောကြားသည်။
"ကျွန်တော်က တခြားနေရာတွေ ဖြစ်တာတော့ မသိဘူး။ နန်းသဲကျေးရွာမှာပဲ အိမ်လေး၊ ငါးလုံးလောက်ပြိုတယ်။ ဘုရားထီးတော်လည်း မြေခသွားတယ်။ ပြိုတဲ့အိမ်တွေကို ရွာသားတွေပဲ ပြုပြင်ပေးကြတယ်။ လေဆင်နှာမောင်းတိုက်တဲ့ အချိန်လေးက ၁၀ မိနစ် ၁၅ မိနစ်လောက် တိုက်သွားတယ်။ သလဲဦးကတော့ အခြေအနေတော်တော် ဆိုးတယ်လို့ကြားတယ်" ဟု ဦးတင်မောင်က ပြောကြားသည်။
"လေဆင်နှာမောင်းက နှစ်ဆန်း ၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အင် လေးကန်အနီးက ရွာငါးရွာမှာ တိုက်ခတ်သွားတာ အိမ်ခြေ ၁၇ လုံးလောက် ဆုံးရှုံးသွားတယ်။ လူအသေအပျောက်တော့မရှိဘူး" ဟု ရှမ်းပြည်နယ် ညောင်ရွှေရဲစခန်းရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် ပတ်သက်၍ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က "လေဆင်နှာမောင်းက ဒီအချိန်မှာ စတိုက်တာဖြစ်တယ်။ ခု ၁၅ ရက်ကတည်းက မိုးကြိုကစပြီ ဘာကြောင့် တိုက်တာလဲဆိုတော့ မိုးတိမ်တောင်တွေဖြစ်ပြီးတော့ လေဆင်နှာမောင်း တိုက်တာဖြစ်တယ်" ဟု ပြောသည်။
ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်က အင်းလေးဒေသတွင် လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဉ်
ဧပြီ ၁၇ ရက်က အင်းလေးဒေသတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသော နေအိမ်အချို့အား တွေ့ရစဉ်
ဧပြီ ၁၈ ရက်က ရန်ကုန်မြို့ လသာမြို့နယ်အတွင်း မိုးရွာသွန်းနေမှုမြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည် (4 photos)




Post a Comment