0


Published on: March 27, 2014
Written by: စောရည်နန္ဒာ

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် အများပြည်သူသုံး တယ်လီဖုန်းများကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာ နည်းစနစ်များအတိုင်း IT Chip Card ဖြင့် အသုံးပြုနိုင်အောင် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယင်းအများပြည်သူသုံး တယ်လီဖုန်းများမှာ လက်ရှိတွင် အသုံးပြုမှု နည်းပါးလာပြီး ရရှိသည့် ၀င်ငွေရရှိမှုမှာလည်း နည်းပါးလာကာ PCO ဖုန်းများကိုလည်း အချို့နေရာများတွင် လျှော့ချလာပြီး လုပ်ကိုင်နေသည့် ၀န်ထမ်းများမှာလည်း တခြားအလုပ်အကိုင်များ ပြောင်းရွှေ့လုပ်ကိုင်လာကြောင်း သိရသည်။

“ဒီအများပြည်သူသုံး မိုဘိုင်းဖုန်းတွေကို နောက်ပိုင်းမှာ နည်းပညာ မြှင့်တင်ပြီးတော့ လုပ်ကိုင်သွားမယ်။ IT Chip Card နဲ့ အသုံးပြုလို့ရအောင် လုပ်သွားမှာပါ။ IT Chip Card ကို ၀ယ်ပြီးတော့ ပိုက်ဆံထည့်ရမယ်။ ပြီးတော့ ကိုယ်ခေါ်ချင်တဲ့ ပြည်တွင်းပြည်ပ နေရာတွေကို ခေါ်လို့ရမှာပါ။ ကျသင့်သလောက်ကိုတော့ ဖြတ်သွားမှာပါ။ ဒီလိုမျိုးလုပ်ရင် ၀န်ထမ်းတွေ မလိုတော့ဘူး။ ဒါကြောင့် လက်ရှိဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်မှာ။ ဒီအတွက်ကိုလည်း ထည့်ပြီးစဉ်းစားနေရတယ်။ ဒီ ၂၀၁၄ ခုနှစ်အတွင်းမှာ လုပ်သွားဖို့ အစီစဉ်တွေက အများကြီးရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒါမျိုးက လုပ်သင့်တာကြာပါပြီ။ ဒါက နည်းပညာတိုးမြှင့်တာ မဟုတ်ဘူး။ ဒီလိုမျိုးပဲ ဆက်လုပ်နေမယ်ဆိုရင် အဆင်မပြေနိုင်တော့ဘူး။ ဒါကြောင့် မဖြစ်မနေ ပြောင်းလဲလုပ်မှပဲ ရမှာ။ နိုင်ငံတကာမှာက နည်းပညာတွေ ပြောင်းလဲလုပ်ကိုင်နေပြီ။ ဒီမှာက ဖုန်းတစ်လုံးကို လူနှစ်ယောက်ထိုင်စောင့်ပြီး လုပ်နေရင် အဆင်မပြေနိုင်ဘူး။ ပြောင်းလဲသင့်တာ ကြာပြီ” ဟု အိုင်တီစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အများပြည်သူသုံး တယ်လီဖုန်းများမှာ ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ထွက်ရှိပြီးနောက်ပိုင်းတွင် အသုံးပြုမှု နည်းပါးလာပြီး ကျပ် ၁၅၀၀ တန်ဖုန်းများ ထွက်ရှိလာသည့်အခါ အသုံးပြုသူ မရှိသလောက် နည်းပါးသွားကြောင်း ၀န်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။ ထို့အပြင် အများပြည်သူသုံး ဖုန်းများကို အတတ်နိုင်ဆုံး လျှော့ချမှုများ ပြုလုပ်လာပြီး အချို့နယ်များတွင် ကိုယ်ပိုင် PCO များဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။

အများပြည်သူသုံး ဖုန်းရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

Aye Chan Mon# Credit To : Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top