0


မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မဲမသမာမှု၊ မဲခိုးမှု၊ မဲမသမာမှု၏ နောက်ဆက်တွဲ ပြဿနာများစသည့် ပြသနာများဖြစ်ပွားမှု လျော့နည်းစေရန် ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ နည်းဗျူဟာများကို မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများသို့ ဖြန့်ဝေကူညီပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် (COMFREL) အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Mr.Koul Panha က ဒီဇင်ဘာ ၆ ရက်က ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် MFREL (Committee for Free and Fair Elections in Cambodia) အဖွဲ့နှင့် မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက တွေ့ဆုံမှုပြုခဲ့ပြီး ညနေပိုင်းတွင် သတင်းမီဒီယာများနှင့် မိတ်ဆက်တွေ့ဆုံစဉ် ယင်းအဖွဲ့၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများသို့ ရွေးကောက်ပွဲ စောင့်ကြည့်ခြင်းဆိုင်ရာ နည်းဗျူဟာ ဖြန့်ဝေကူညီပေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ရွေးကောက်ပွဲတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် မမျှတမှု၊ အကြမ်းဖက်မှုတွေကို လျှော့ချနိုင်ပါမယ်။ မြန်မာနိုင်ငံကို ဘာတွေကူညီနိုင်မလဲဆိုရင်တော့ ကျွန်တော့်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှုဆိုင်ရာ နည်းဗျူဟာတွေကို ဖြန့်ဝေပေးခြင်းအားဖြင့် ကူညီပါမယ်"ဟု Mr.Koul Panha က ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ရွေးကောက်ပွဲ မသမာမှုများ ဖြစ်ပွားမှုရှိသဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားတတ်သော နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲမှာ မဲမသမာမှု အများအပြား ရှိသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

"ရွေးကောက်ပွဲ မသမာမှုလုပ်ရင် ပြဿနာ အများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှု၊ သတင်းရယူမှုတွေအတွက် COMFREL ဆီမှာ နည်းပညာ အကြံဥာဏ်တွေ လိုချင်ရင် ဆက်သွယ်ပေးပါမယ်"ဟု ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ဆိုသည်။

ရွေးကောက်ပွဲတွင် စောင့်ကြည့်သူများ အနေဖြင့် အာဏာရအစိုးရ၏ အတိုက်အခံပါတီ မဖြစ်ခြင်း၊ ဘက်လိုက်မှုမရှိဘဲ အမှန်တရားကိုသာ ပြောဆိုခြင်း၊ ရွေးကောက်ပွဲ မှန်ကန်မှု ရှိမရှိ အများသိရှိရန် ပြည်သူများ၏ ဝေဖန်ပြောကြားသံများ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများ ပြောကြားခြင်း၊ ထိုရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခြင်းစသည့် လုပ်ငန်းစဉ်များအား အဓိကလုပ်ဆောင်ရကြောင်း Mr.Koul Panha က ဆက်လက် ပြောကြားသည်။

(COMFREL အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr.Koul Panha အား ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top