0


ခရီးသွားရာသီ ရောက်လာချိန်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်ဖြစ်သော မြ၀တီနယ်စပ်ဂိတ်မှ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုမြင့်တက်လျက်ရှိပြီး နိုဝင်ဘာလအတွင်း ခရီးသွား ၁၀၆၁ ဦး ၀င်/ထွက်သွားလာခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် သြဂုတ် ၈ ရက်ကဖွင့်လှစ်ခဲ့ပြီးနောက် နိုဝင်ဘာလကုန်အထိ မြန်မာ၊ထိုင်းနှင့် တတိယနိုင်ငံ ၃၁ နိုင်ငံတို့မှ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်ဖြင့် ၀င်ထွက်သွားလာလည်ပတ်သူ ၂၃၅၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ပွင့်လင်းခရီးသွားအစ ဖြစ်သော နိုဝင်ဘာလအတွင်း မြ၀တီနယ်စပ်ဂိတ်မှ အုပ်စုဖွဲ့လာရောက်လည် ပတ်မှု အများဆုံးမှာ တတိယနိုင်ငံသားများဖြစ်ပြီး ၁၈၉ ဦးဝင်ရောက်ခဲ့ကာ၊ ၁၃၈ ဦးပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသား ၁၀၈ ဦးဝင်ရောက်ခဲ့ကာ ပြန်လည်ထွက်ခွာသူ ၂၀၁ ဦးရှိပြီး၊ မြန်မာနိုင်ငံသားမှာ ၁၃၁ ဦး ပြည်တွင်းသို့ဝင်ရောက်ခဲ့ကာ ၂၉၄ဦး ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ ယခင်လများက ထိုင်းနိုင်ငံသားအများဆုံး ၀င်ရောက်လည်ပတ်ခဲ့သော်လည်း နိုဝင်ဘာလတွင် မြန်မာနိုင်ငံသားများမှာ နိုင်ငံခြားသားများပြီးလျှင် ဒုတိယ၀င်ထွက်မှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

" အရင်လတွေက အိမ်နီးချင်းထိုင်းနိုင်ငံသားတွေ လာရောက်လည်ပတ်မှု အများဆုံးဖြစ်ပေမဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လာတဲ့အတွက် နိုင်ငံခြားသားဝင်ထွက်မှုအများဆုံးဖြစ်ပါတယ် " ဟု မြ၀တီချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံသားများမှာ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီနှင့် တန်ခိုးကြီးဘုရားများအား ဖူးမြော်ရန်၊ စီးပွားရေးလုပ်ငန်းများအား လေ့လာရန်လာရောက်ကြခြင်းဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှ နိုဝင်ဘာလကုန်အထိ ၈၅၈ ဦး ၀င်ထွက်သွားလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၃၀ ကျော်မှ ၀င် ထွက်သွားလာခဲ့သည့်နိုင်ငံခြားသားများမှာလည်း စက်တင်ဘာ ၂၈ ရက်မှ နိုဝင်ဘာလ ကုန်အထိ ၇၁၃ ဦး ၀င်ထွက်သွားလာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသားများမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူရန်၊ ကုန်သွယ်မှုလုပ်ရန်၊ ဈေးဝယ်ရင်း သွားလာလည်ပတ်လေ့ရှိပြီး စတင်ဖွင့်လှစ်ချိန်မှစ၍ ၇၈၁ ဦး ၀င်ထွက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်း၊ ထီးခီး- စူနာရွန်နယ်စပ် ဂိတ်လေးခုလုံးမှ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပါရှိသည့် ထိုင်းနိုင်ငံသား၊ တတိယနိုင်ငံ သား၊ မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာမှုကို သြဂုတ်၂၈ ရက်မှ စတင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။

(မြ၀တီအပြည်ပြည်ဆိုင်ရာ ၀င်\ထွက်ပေါက်ရှိ အကောက်ခွန်ဌာနတွင် မြန်မာနိုင်ငံအတွင်းဝင်ရောက်ရန် စောင့်ဆိုင်းနေသော ကမ္ဘာလှည့်ခရီးသွားများ)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top