မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC) ၏ ဌာန ၁၄ ခုတွင် ၁၃ ခုမှာ နည်းအမျိုးမျိုးဖြင့် အခွန်ကောက်ခံနေသော်လည်း စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်မှု အားနည်းနေကြောင်း ADB အဖွဲ့ခေါင်းဆောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြို့ပြစီမံကိန်း ပညာရှင်များ၊ အကြံပေးများက Green City စီမံကိန်းဆွေးနွေးပွဲတွင် ထောက်ပြ ပြောဆိုခဲ့သည်။
အခွန်ရရှိစေရန်အတွက် ဆောင်ရွက်နေရခြင်းတို့ကြောင့် မြို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်စွာ မလုပ်နိုင်ကြောင်း၊ လတ်တလော လေ့လာမှုအရ ပြည်သူလူထု ပေးဆောင်ရသည့် အခွန်နှင့် ပြန်ပေးသည့် ၀န်ဆောင်မှု လုံလောက်မှု မရှိကြောင်း ဆိုသည်။
"နိုင်ငံတကာမှာ မြို့တော်စည်ပင်ဆိုတာ မြို့ဖွံဖြိုးတိုးတက်ဖို့ပဲ ဆောင်ရွက်ရတာပါ။ ဒီမှာလို စီမံကိန်းတစ်ခုအတွက် ဘတ်ဂျက်အသုံးပြုမှုကို တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေရတာမျိုး မရှိဘူး။ နောက်ပြီး ငွေကြေးကောက်ခံဖို့အတွက် ဌာနတစ်ခုပဲထားပြီး ကျန်တဲ့ဌာနတွေ လျှော့ချပစ်ရမယ်။ ၀န်ဆောင်မှုပိုပေးနိုင်ဖို့ ဆောင်ရွက်သင့်တယ်" ဟု ADB မှ အဖွဲ့ခေါင်းဆောင် Alistair Blunt က ဆိုသည်။
မြို့တော်စည်ပင်၏ စာရင်းဇယားများ၊ ငွေကြေးသုံးစွဲမှုများအတွက် ကွန်ပျူတာစနစ် ဖြင့်အသုံးပြုမှုမရှိသောကြောင့် တိကျမှုအားနည်းခြင်း၊ ငွေကြေးတာဝန်ယူထားသည့် ၀န်ထမ်းများမှာ တာဝန်ခံမှုလျော့နည်းစေသည့်အတွက် ယခုထက်ပို၍ စီမံမှုတိုးတက်မှန်ကန်လာနိုင်စေရန် အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားသည်။
မန္တလေးမြို့၏မိလ္လာစနစ်၊ အိမ်သုံးစွန့်ပစ်ရေပြုပြင်မှုမရှိခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ်လိုအပ်နေမှု၊ ရေလွှမ်းမိုးမှုကာကွယ်ခြင်း၊ ပိုးမွှားအန္တရာယ်ကြိုတင်တားဆီးမှုများမရှိခြင်း၊ အမှိုက်သိမ်းနှင့် မိလ္လာလုပ်သားများအတွက် လိုအပ်သည့် အကာအကွယ်အင်္ကျီနှင့် ပစ္စည်းကိရိယာများမရှိခြင်းတို့ကို ပြင်ဆင်ရန်အတွက် ADB သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးအရာရှိက Ninette Ramirez က တင်ပြဆွေးနွေးခဲ့သည်။
ယင်းအပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်တီ၏ စီမံခန့်ခွဲမှုအခြေအနေများ၊ အခွန်ငွေရစေရန်ဆောင်ရွက်နေမှုများ၊ အရည်ချင်းပြည့်စုံသော အဖွဲ့စည်းရှိမရှိ လေ့လာခဲ့ခြင်းများကို
အပြုသဘောထောက်ပြ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်က ရှင်းပြခဲ့ပါသည်။
(မန္တလေး ပန်းရံတော်ချောင်းနံဘေးတွင် စည်းကမ်းမဲ့ အမှိုက်များဖြင့် ပြည့်နှက်နေသည်ကို ဒီဇင်ဘာလဆန်းက တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
Post a Comment