0


ရန်ကုန်၊ ဒီဇင်ဘာ ၅

နေပြည်တော်-ပင်လောင်း ကားလမ်း တောင်ကျကျေးရွာ ဝန်းကျင်ရှိ နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း အနီးတွင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း၌ ဆင်ဆေးရုံတစ်ရုံ တည်ဆောက်မည် ဖြစ် ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန မြန်မာ့ သစ်လုပ်ငန်းမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဝမ်ထွန်းက ပြောကြားသည်။

အဆိုပါ ဆင်ဆေးရုံကို နေပြည်တော်နှင့် ရှမ်းပြည်နယ် အစပ်တည်နေရာတွင် ဆောက်လုပ်မည် ဖြစ်ပြီး ဆင်ကောင်ရေ ၃၀ ခန့် ထားရှိ ကုသနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဆေးရုံဆောက်လုပ် ရန်အတွက် ဒေသသတ်မှတ် ပြီးသော်လည်း ဆင်များအတွက် စားကျက်မြေ ကောင်းကောင်း ရရှိ နိုင်မည့် ဧရိယာ အကျယ်အဝန်းကို ရှာဖွေ ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။
“ဆင်ဆေးရုံ အကောင်အထည် ဖော်ဖို့အတွက် ထောက်ပံ့မှုတွေ ဆက်လက်ပေးသွားမယ်” ဟု အာရှ ဆင်ဖောင်ဒေးရှင်း (The Asian Elephant Foundation) မှ ဒါရိုက်တာဖြစ်သူ Remand Houben က ပြောဆိုသည်။

အာရှဆင်ဖောင်ဒေးရှင်းက ဆင်များ ကျန်းမာရေးအတွက် ဆေးဝါးနှင့် အဆင့်မြင့်ကုသမှု အသုံးအဆောင် ပစ္စည်းများ ပါဝင်သည့် ရွေ့လျားဆေးခန်း နှစ်ခုကို မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

ဆင်မျိုးသုဉ်းမှု ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုတစ်ရပ်အဖြစ် ရန်ကုန်မှ ကျောင်းသား ၅၀ ကျော်က ကိုယ်တိုင် ဆင်အရုပ်များ ဖန်တီးဆေးခြယ်၍ ပြိုင်ပွဲ ပြသသည့် အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှုစင်တာ၌ ဥရောပသမဂ္ဂ သစ်တော အင်စတီကျုက ဦးစီး၍ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်း ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်ဘေးမဲ့တောအဖြစ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်ရှိ ရွှေဥဒေါင်း ဆင်ဘေးမဲ့တောနှင့် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော နှစ်ခုသာ ရှိပြီး ထပ်မံ၍ ပဲခူးတိုင်းဒေသကြီးရှိ မြောက်ဇာမရီ သစ်တောကြိုးဝိုင်းကို ဆင်ဘေးမဲ့တောအဖြစ် သတ်မှတ်ထားရှိကာ ကာကွယ် ထိန်းသိမ်းလျက် ရှိကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

အေးချမ်းမွန် Credit To > The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top