0

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သူကြွယ်တစ်ယောက်သည် သူအလွန်ချစ်နေသည့် တစ်ဦးတည်းသော သားကလေး သေဆုံးသွားသဖြင့် အလုပ်လည်း မလုပ်တော့ဘဲ၊ ထမင်းလည်း မစားတော့ဘဲ နေ့တိုင်း သုသာန်သို့သွား၍ ငိုကြွေးနေလေ၏။ ထိုသူကြွယ်သည် တစ်နေ့သောအခါတွင်
မြတ်စွာဘုရားထံသို့ ဆည်းကပ်လာလေ၏။

မြတ်စွာဘုရားက "သူကြွယ် - သင်သည် ငေးကြောင်ကြောင်ဖြစ်နေပါတကား၊
သင်၏မျက်စိစသော ဣနြေ္ဒတို့လည်း ဖောက်ပြန်နေပါတကား"ဟု ဆိုလေရာ ထိုသူကြွယ်က"မြတ်စွာဘုရား - တပည့်တော်၏မျက်စိ စသောဣနြေ္ဒတို့သည် အဘယ်မှာ မဖောက်ပြန်ဘဲ နေပါမည်နည်း။ တပည့်တော်အလွန်ချစ်သည့် တစ်ယောက်တည်းသော သားသည် သေဆုံးသွားပါသည်။ သားသေသည့်အတွက် တပည့်တော် အလုပ် လုပ်ချင်စိတ်လည်းမရှိ၊ ထမင်းစားချင်စိတ်လည်းမရှိဘဲ သုဿာန်သို့သွားပြီး ငိုကြွေးနေခဲ့ပါသည် ဘုရား" ဟု လျှောက်လေ၏။

မြတ်စွာဘုရားက "သူကြွယ် - သည်အပူမျိုးသည် သည်အတိုင်းပင်ဖြစ်သည်။ ပူဆွေးငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာ ပူပန်ခြင်း
တို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။ ချစ်ခြင်းက စ၍ ဖြစ်လာ၏" ဟု မိန့်တော်မူ၏။

ထိုသို့ မြတ်စွာဘုရား မိန့်ကြားတော် မူသောအခါ သူကြွယ်က
"အရှင်ဘုရား - အဘယ်သူအား ဤသို့ ပူဆွေးငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့်ဖြစ်သည်, ချစ်ခြင်းက စ၍ ဖြစ်လာသည် -ဟု ရှိလိမ့်မည်နည်း။
နှစ်သက်ခြင်း ၀မ်းမြောက်ခြင်းတို့သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကုန်၏။ ချစ်ခြင်းကစ၍ ဖြစ်ပေါ်ကုန်၏" ဟု လျှောက်လေ၏။ ထိုသူကြွယ်သည် မြတ်စွာဘုရား၏စကားကို မနှစ်သက်ဘဲ ကန့်ကွက်ပြောဆိုပြီးလျှင် နေရာမှ ထသွားလေ၏။

ထိုအချိန်က မနီးမဝေးတွင် ဖဲကစားနေကြသော ကစားသမားများရှိနေကြ၏။ ထိုသူကြွယ်သည် မြတ်စွာဘုရားထံမှ ထွက်လာပြီး ထိုဖဲကစားသမားများထံသို့ သွား၍ မြတ်စွာဘုရားနှင့် သူပြောခဲ့သော စကားအားလုံးကို ပြောပြလေ၏။
ကစားသမားများက "သူကြွယ် - သင်ပြောသည့်အတိုင်းသာ မှန်သည်၊
နှစ်သက်ခြင်း ၀မ်းမြောက်ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်သည်၊ ချစ်ခြင်းကစ၍ ဖြစ်ပေါ်ကုန်သည်" ဟု ဆိုကြလေ၏။
ထိုအခါ သူကြွယ်သည် ငါ၏၀ါဒသည် ကစားသမားတို့၏ ၀ါဒနှင့်ညီမျှ၏ - ဟု ဆိုကာ ပြန်သွားလေ၏။

ထိုစကား အကြောင်းအရာသည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် နန်းတော်တွင်းသို့ ရောက်သွားလေ၏။
ကောသလမင်းကြီးသည် ထိုအကြောင်းကို ကြား၍ မလ္လိကာဒေ၀ီအား
"မလ္လိကာ - သင့်ဆရာ ရဟန်းဂေါတမက ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်သည်။ ချစ်ခြင်းကစ၍ ဖြစ်လာသည်- ဟု မိန့်ကြားသည်ဆိုပါကလား" ဟု ပြောလေ၏။
ထိုအခါ မလ္လိကာက "ဤစကားကို မြတ်စွာဘုရားမိန့်ကြားတော်မူသည် ဆိုလျှင် ဤအတိုင်းပင် မှန်ရမည်" ဟု လျှောက်လေ၏။
မင်းကြီးက "ဆရာပြောသမျှ အမှန်ချည်းပဲဟု ဆိုကာ နှစ်သက်နေသည့်
တပည့်ကဲ့သို့ပင် မလ္လိကာလည်း ရဟန်းဂေါတမပြောသည်ဆိုလျှင် ဤအတိုင်းမှန်သည်ဟူ၍ နှစ်သက်နေတော့သည်" ဟု ဆိုကာ မောင်းမဲ လွှတ်လိုက်လေ၏။

ထိုအခါ မလ္လိကာသည် နာဠိဇင်္ဃပုဏ္ဏားကို မြတ်စွာဘုရားထံ စေလွှတ်၍ ထိုစကားကို မြတ်စွာဘုရားပြောခြင်း ဟုတ်မဟုတ် သိရအောင် စုံစမ်းခိုင်းလိုက်လေ၏။ ထိုပုဏ္ဏားသည် မြတ်စွားဘုရားထံသို့ သွား၍မေးမြန်းလျှောက်ထားသောအခါ မြတ်စွာဘုရားက -

"ပုဏ္ဏား - ဤအရာသည် ဤအတိုင်းပင် အမှန်ဖြစ်၏။
ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။ ချစ်ခြင်းကစ၍ ဖြစ်လာကုန်၏။
ပုဏ္ဏား - ရှေးက သာဝတ္တိပြည်၌ပင် မိန်းမတစ်ယောက်သည် သူ့မိခင်သေဆုံးသွားသဖြင့် အရူးသဖွယ်ဖြစ်ကာ လမ်းတကာသို့လျှောက်၍ ငိုကြွေးနေသည့်အဖြစ် ဖြစ်ခဲ့ဖူးသည်။ ဤမိန်းမဖြစ်ပုံကို ထောက်သဖြင့်လည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။ ချစ်ခြင်းကစ၍ ဖြစ်လာကုန်၏- ဟု သိသင့်သည်"

"ပုဏ္ဏား - ဤသာဝတ္တိပြည်၌ပင်
မိန်းမတစ်ယောက်သည် သူ့ဖခင်သေဆုံးသဖြင့်၊
မိန်းမတစ်ယောက်သည် သူ့မောင် သေဆုံးသဖြင့်၊
မိန်းမတစ်ယောက်သည် သူ့ညီမသေဆုံးသဖြင့်၊
မိန်းမတစ်ယောက်သည် သူ့သမီးသေဆုံးသဖြင့်၊
မိန်းမတစ်ယောက်သည် သူ့လင်သေဆုံးသဖြင့်၊
အရူးသဖွယ်ဖြစ်ကာ လမ်းတကာသို့လျှောက်၍ ငိုကြွေးနေသည့်အဖြစ်
ဖြစ်ခဲ့ဖူးသည်။
ဤအရာများကို ထောက်၍လည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။ ချစ်ခြင်းက စ၍ ဖြစ်လာကုန်၏ -ဟု သိသင့်သည်"

"ပုဏ္ဏား - ဤသာဝတ္တိပြည်၌ပင် မိန်းမတစ်ယောက်သည် သူ့လင်နှင့် အတူနေရာမှ မိဘအိမ်သို့ ခဏပြန်သွားစဉ် သူ့ကို မိဘများက လက်ရှိလင်နှင့် ခွဲပြီး အခြားယောင်္ကျားတစ်ယောက်နှင့်ပေးစားရန် စီမံကြသည်။ ထိုမိန်းမကလည်း ထိုယောင်္ကျားကိုမကြိုက်။
ထိုမိန်းမသည် သူ့လင်အား ထိုအကြောင်းကို ပြောပြလေသည်။
ထိုအခါ လင်ယောင်္ကျားဖြစ်သူသည် ငါတို့နှစ်ယောက် နောင်ဘ၀မှာ
ပေါင်းကြမည်ဆိုကာ ထိုမိန်းမကို နှစ်ပိုင်းပိုင်း၍ သတ်ပြီး သူ့ကိုသူလည်း သတ်သေလိုက်သည်။
ပုဏ္ဏား - ဤအဖြစ်အပျက်အားဖြင့်လည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။ ချစ်ခြင်းကစ၍ ဖြစ်လာကုန်၏ - ဟု သိသင့်သည်"

နာဠိဇင်္ဃပုဏ္ဏားသည် မြတ်စွာဘုရားမိန့်ကြားတော်မူသမျှကို
ကောင်းစွာမှတ်သားပြီး မလ္လိကာဒေ၀ီအား ပြန်၍ ပြောပြလေ၏။
ထိုအခါ မလ္လိကာဒေ၀ီသည် ကောသလမင်းကြီးထံသို့ သွားပြီးလျှင် - "အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် ၀ဇိရီသတို့သမီးကို ချစ်သည်မဟုတ်ပါလော" ဟု မေးလေ၏။
မင်းကြီးက "မလ္လိကာ - မှန်၏။ ၀ဇိရီသတို့သမီးကို ငါချစ်၏" ဟု ဆိုလေ၏။

မလ္လိကာက "အရှင်မင်းကြီး - ၀ဇိရီသတို့သမီးသေဆုံးလျှင် ဖြစ်စေ၊ တစ်စုံတစ်ယောက်နှင့်ထွက်ပြေးလျှင်ဖြစ်စေ အရှင်မင်းကြီးအား
ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်ပါသလော"ဟု မေးလေ၏။
ကောသလမင်းကြီးက "မလ္လိကာ - ၀ဇိရီသတို့သမီး သေဆုံးလျှင် ဖြစ်စေ၊ တစ်စုံတစ်ယောက်နှင့် ထွက်ပြေးလျှင်ဖြစ်စေ ငါအသက်သေမည်ကိုပင် စိုးရိမ်ရသည်။ ပူဆွေးခြင်း၊ ငိုကြွေးခြင်း စသည်တို့မှာ အဘယ်မှာ မဖြစ်ဘဲနေမည်နည်း" ဟု ဆိုလေ၏။

ထိုအခါ မလ္လိကာက "အရှင်မင်းကြီး - သိတော်မူ မြင်တော်မူသော
မြတ်စွာဘုရားသည် ဤအချက်ကို ရည်ရွယ်၍ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်းခြင်းတို့သည် ချစ်ခြင်းကြောင့်ဖြစ်ကုန်၏။ ချစ်ခြင်းကစ၍ ဖြစ်လာကုန်၏ - ဟု
ဟောကြားတော်မူခြင်းဖြစ်သည်" ဟု ဆိုလေ၏။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ၄- ရာဇ၀ဂ်၊ ၇- ၀ိယဇာတိကသုတ်။ )

အေးချမ်းမွန် Credit To > 3 Treasures: Buddha, Dhamma & Sangha < Thank https://www.facebook.com/excellencemedia
11

Post a Comment

 
Top