0

ဒီဗွီဘီ၊ 2 December 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို အစိုးရက အချိန်မကျသေးဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အဆင်ပြေချောမွေ့စေဖို့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့သီတင်းပတ်က စာရေးကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဒီအပေါ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ ပါတီ ၅၈ ပါတီ ရှိတဲ့အနက် ပါတီတခုတည်းရဲ့ ခေါင်းဆောင်နဲ့တွေ့ရင် မသင့်တော်တဲ့အကြောင်း၊ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သုံးသပ်နေတဲ့အချိန်မှာ ပြည်ထောင်စုလွှတ်တော်ကို ကျော်ပြီး မလုပ်သင့်သလို လွှတ်တော်ကော်မတီရဲ့ အစီရင်ခံစာ တင်ပြီးတဲ့အချိန်အထိ စောင့်သင့်ကြောင်း ဒါဟာ မတွေ့ဘူးလို့ ငြင်းတာ မဟုတ်တဲ့အကြောင်း တုံ့ပြန် ပြောကြားထားပါတယ်။

ဒီကမ်းလှမ်းချက်ဟာ အထူးအခွင့်အရေးအဖြစ် တောင်းဆိုတာ မဟုတ်ဘူးလို့ ဩစတြေးလျမှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

“ဒီမိုကရေစီနိုင်ငံတိုင်းမှာ အကြီးဆုံး အတိုက်အခံပါတီကို အထူး အခွင့်အရေး ပေးပါတယ်။ အထူးအနေအထားမှာ ထားပါတယ်။ အဲဒီတော့ ကျမတို့ တောင်းတဲ့ အခွင့်အရေးဟာ လွန်ကျွံတာ မဟုတ်ပါဘူး။ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းအရ လွန်လွန်ကျွံကျွံ တောင်းတဲ့ အခွင့်အရေး မဟုတ်ပါဘူး။”

ဒါ့ပြင် အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ရှေ့နောက် ညီညွတ်မှု မရှိဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

“နောက်တခုက အရှေ့အနောက်မညီတာလေးတွေတော့ ကျမက ထောက်ပြချင်တယ်။ နိုင်ငံရေးအရ ထောက်ပြပိုင်ခွင့်လည်း ရှိတယ်။ ထောက်ပြရမယ့် တာဝန်လည်း ရှိတယ်။ အထူးသဖြင့် တရားဝင်အားဖြင့် အများက အတိုက်ခံပါတီအဖြစ် လက်ခံထားတာကိုး၊ အဲဒီတော့ အတိုက်အခံ ဆိုတော့လည်း အတိုက်အခံလေးတော့ နည်းနည်းလုပ်ရမှာပေါ့။ အဲ့တော့ ထောက်ပြရမယ်ဆိုရင်၊ အခု ငြိမ်းချမ်းရေးပွဲတွေ လုပ်နေတဲ့အခါမှာ တိုင်းရင်းသားအဖွဲ့ တော်တော်များများကနေပြီးတော့ အားလုံး စုပေါင်းပြီးတော့ အစိုးရနဲ့ ဆွေးနွေးချင်တယ်လို့ ပြောတဲ့အခါကျတော့ အစိုးရပိုင်းက စုပေါင်းပြီးတော့ မဆွေးနွေးချင်ဘူး၊ တဖွဲ့စီ၊ တဖွဲ့စီနဲ့ပဲ ဆွေးနွေးချင်ပါတယ်လို့ ပြောတယ်။ အဲဒီတော့ အရှေ့နဲ့ အနောက် မညီဘူးလားလို့။”

မဲလ်ဘုန်းမြို့က မြန်မာတိုင်းရင်းသားများ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ပြောကြားသွားတာ ဖြစ်ပါတယ်။

၁၉၈၈-၈၉ ခုနှစ်ကလည်း ဗိုလ်ချုပ်ကြီးစောမောင်ကို အန်အယ်လ်ဒီပါတီက တိုင်းပြည် အခြေအနေနဲ့ ပတ်သက်လို့ တွေ့ချင်တယ်လို့ ကမ်းလှမ်းခဲ့တုန်းကလည်း ပါတီပေါင်း ၂၀၀ ကျော်ရှိတဲ့အထဲမှာ တပါတီရဲ့ ခေါင်းဆောင်နဲ့ပဲတွေ့ရင် မသင့်လျော်တဲ့အတွက် မတွေ့ဘူးလို့ တုံ့ပြန်ခဲ့ဖူးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁ ရက်နေ့က မဲလဘုန်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို ကုလသမဂရဲ့ အေအိုင်ဒီအက်စ်သံတမန်တဦး အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ဒီနေ့ မြန်မာနိုင်ငံကို ပြန်လာဖို့ ရှိနေပါတယ်။

အေးချမ်းမွန် Credit To >Dr Lun Swe Media < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top