0


မြောက်ကိုရီးယား အစိုးရ၏ ဩဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ရာထူးမှ ဖယ်ရှားခံလိုက်ရကြောင်း တောင်ကိုရီးယား သတင်းဌာနများက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်း၏ ဦးလေးတစ်ဦးဖြစ်သည့် ချန်ဆောင်သိုက်သည် ကွန်မြူနစ်နိုင်ငံ အစိုးရ၏ အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယူဆခြင်း ခံထားရသည်။ သို့သော်လည်း ယခုအခါ ချန်သည် ၎င်းတာဝန်ယူထားသည့် စစ်ဦးစီးဌာန ဒုတိယ ဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်လိုက်ရပြီဟု တောင်ကိုရီးယား မီဒီယာများက ရေးသားခဲ့သည်။ ထို့အပြင် ချန်၏ အဓိက လက်ရုံးနှစ်ဦးသည်လည်း ခြစားမှု စွပ်စွဲချက်များဖြင့် ကွပ်မျက်ခံလိုက်ရပြီဟု ယုံကြည်ရကြောင်း သတင်းများက ဆိုသည်။

အကယ်၍ ယင်းသတင်းသာ အမှန်ဖြစ်ပါက ကင်မ်၏လက်ထက်တွင် မြောက်ကိုရီးယား၏ ထိပ်ဆုံးအဆင့် အုပ်ချုပ်ရေး ကဏ္ဍ၌ အကြီးမားဆုံး အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာခြင်းဟု ယူဆနိုင်မည် ဖြစ်သည်။ ကင်မ်သည် ဖခင်ဖြစ်သူ ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီးနောက် (၂၀၁၁)ခုနှစ်က စတင်ကာ မြောက်ကိုရီးယား၏ ခေါင်းဆောင်နေရာကို ရယူခဲ့သည်။ ယခုနောက်ဆုံး သတင်းသည် တောင်ကိုရီးယား ထောက်လှမ်းရေးဌာနနှင့် နီးစပ်သော အသိုက်အဝန်းကို အခြေခံကာ ယိုစိမ့်လာခြင်းဟု သိရသည်။

ချန်သည် ကွယ်လွန်သူ ခေါင်းဆောင်ကြီး ကင်မ်၏ ညီမတစ်ဦးကို လက်ထပ်ထားသူ ဖြစ်သည်။ ၎င်းသည် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းတွင် နောက်ကွယ်မှ အချုပ်ကိုင်နိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသည်။ ချန်၏ ဩဇာသည် လက်ရှိခေါင်းဆောင်ကင်မ်၏ လက်ထက်တွင် သိသိသာသာ ထက်မြက်မြင့်မားလာသော်လည်း ယခုအခါတွင်မူ ၎င်းအနေဖြင့် ရုတ်တရက် ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းဟု တောင်ကိုရီးယား သတင်းများက ဖော်ပြသွားသည်။

အေးချမ်းမွန် Credit To >Planet Myanmar Network< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top