0


အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီကမ်းခြေတွင် ငါးမန်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မော်အီကျွန်းစုနှင့် မိုလိုကီနီတို့ အနီးတွင် ဝါရှင်တန်မှ လာရောက် အပန်းဖြေနေသူ တစ်ဦးကိုငါးမန်းဆွဲသွားခြင်းဟု ကမ်းခြေစောင့် တပ်ဖွဲ့များက ဆိုသည်။ အသက်(၅၇)နှစ်ရှိ ပက်ထရစ် ဘိုင်နရီသည် ကယက်လှေငယ် တစ်စင်းကို လှော်ခတ်ရင်း ငါးမျှားနေချိန်တွင် ငါးမန်းတိုက်ခိုက်မှုနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကိုက်ခဲသတ်ဖြတ်သွားသည့် ငါးမန်း၏ အမျိုးအစားကိုမူ ပညာရှင်များက အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

ငါးမန်းဆွဲခံရပြီးနောက် သူငယ်ချင်း တစ်ဦးက ပက်ထရစ်ကို အနီးရှိ လှေတစ်စင်းပေါ် ဆွဲတင်ခဲ့သော်လည်း ကမ်းခြေပြန်မရောက်မီ အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်သည် (၂၀၁၃)ခုနှစ်အတွင်း ဟာဝိုင်ယီ၌ ငါးမန်းတိုက်ခိုက်၍ လူသေဆုံးရသည့် ဒုတိယမြောက် ဖြစ်ရပ်အနေဖြင့် မှတ်တမ်းဝင်ခဲ့သည်။ ဩဂုတ်လကလည်း ဂျာမန်ကမ္ဘာလှည့် ခရီးသွားတစ်ဦးကို ငါးမန်းကိုက်သဖြင့် အသက်ဆုံးရှုံးခဲ့ဖူးသည်။ ပက်ထရစ်သည် ငါးများကို ဆွဲဆောင်ရန်အတွက် အတုအပ ထုတ်လုပ်ထားသည့် ငါးစာများကို အသုံးပြုခဲ့ပြီး ငါးမန်းက ၎င်း၏ခြေထောက်ကို ဝင်ကိုက်သွားခြင်းဟု သိရသည်။

တနင်္လာနေ့က ဖြစ်စဉ်နှင့် ပတ်သက်ဆက်နွယ်မည့် ငါးမန်းကို ရှာဖွေနေဆဲ ဖြစ်သလို အနီးအနား ကမ်းခြေများကိုလည်း ခေတ္တပိတ်ထားလိုက်သည်။ မော်အီကျွန်းစု အနီးတွင် ငါးမန်းတိုက်ခိုက်မှုများမှာ ယခုတစ်ကြိမ် အပါအဝင် (၂၀၁၃)ခုနှစ်တွင် (၈)ကြိမ်ထိ ရှိလာပြီ ဖြစ်သည်။ ဩဂုတ်လက အသက်(၂၀)အရွယ် ဂျာမန်ကမ္ဘာလှည့် ခရီးသည် သေဆုံးမှုနှင့် ပက်ထရစ် သေဆုံးမှုတို့မှလွဲပြီး (၂၀၀၄)ခုနှစ် ကတည်းက ဟာဝိုင်ယီ အနီးတဝိုက်တွင် လူသေသည်အထိ ဆိုးရွားသော ငါးမန်းတိုက်ခိုက်မှု မရှိခဲ့ဖူးကြောင်းလည်း သိရှိရသည်။

အေးချမ်းမွန် Credit To >Planet Myanmar Network< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top