0
(ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)


မြန်မာ့နိုင်ငံရေးသည် ခေါင်းဆောင်တို့က စေလိုရာစေသော နိုင်ငံရေးသာ ဖြစ်သဖြင့် ခေါင်းဆောင်တို့၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည်။

“ဘယ်နိုင်ငံမဆို ခေါင်းဆောင်ဆိုတာ အရေးကြီးတာပဲ၊ ဒါများ အထူးအဆန်း လုပ်နေရသလား” ဟု ပြန်လည် စောကြောနိုင်သော်လည်း မြန်မာနိုင်ငံတွင် ခေါင်းဆောင်တို့သည် အခြေကျပြီးနိုင်ငံ များထက် သေချာပေါက် အရေးကြီးသည်။

အခြေကျပြီး နိုင်ငံများတွင် Institution ခေါ် စည်းဘောင်များ၊ အဖွဲ့အစည်းများ ကျင့်သားရပြီး ဖြစ်သဖြင့် ခေါင်းဆောင်တို့၏ တော်ရုံတန်ရုံ အမှားကို တောင့်ခံ ထားနိုင်သည်။ လွယ်လွယ်ဥပမာ အဖြစ် အမေရိကန်နိုင်ငံတွင် ခေါင်းဆောင်ညံ့များ တက်ခဲ့သော်လည်း ခေတ္တခဏသာ ကျဆင်းပြီး နောက်တစ်ယောက် လက်ထက် ရောက်လျှင် ပြန်လည် အဖတ်ဆည်နိုင်ကာ ပုံမပျက်လှပေ။

မြန်မာနိုင်ငံတွင်းတွင် ဒီမိုကရေစီ စည်းဘောင်များ၊ အဖွဲ့အစည်းများ မခိုင်မာ သေးကြောင်း အားလုံးအသိပင် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်တို့၏ ဆင်ခြင်ဉာဏ်၊ အမြော်အမြင်နှင့် လုပ်ရည်ကိုင်ရည်၊ စိတ်အားထက်သန်မှု “မီး” တို့ကို အဓိက အားကိုးပြီး သူတို့အားနှင့် ရွေ့နေရခြင်း ဖြစ်သည်။
ခေါင်းဆောင်တို့ “တစ်ချက်မှားလျှင်” ပင် ထိုအမှားကို ဟန်မပျက် စုပ်ယူနိုင်စွမ်း နိုင်ငံနှင့် အဖွဲ့အစည်း တို့တွင် မရှိပေ။

မြန်မာ့သမိုင်း တစ်လျှောက်တွင်လည်း စနစ်၊ စည်းဘောင်နှင့် အဖွဲ့အစည်း တို့ကို ဆောက်နိုင်လှသည် မရှိဘဲ ခေါင်းဆောင်ကောင်းများ လက်ထက်တွင် နိုင်ငံတက်လိုက်၊ ထိုခေါင်းဆောင် ပြိုလျှင် နိုင်ငံကျလိုက်ဖြင့်သာ ခေါက်ရှာငှက် ပျံသလို နိမ့်တုံမြင့်တုံဖြင့် စခန်းသွားခဲ့ကြသည်။

ယနေ့ခေတ် မြန်မာနိုင်ငံ သည်လည်း သမိုင်းတစ်လျှောက် မြန်မာနိုင်ငံနှင့် ကွာခြားခြင်း မရှိလှ သည့်အတွက် ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်မြတ် များကိုသာ အားကိုးကြရဦးမည်။
ရေရှည်ရေမှန်းချက်မှာ Institution ဖြစ်သော်လည်း ယင်းတို့ မဖြစ်မြောက် သေးသည့်ကာလတွင် ခေါင်းဆောင်များ၏ နိုင်ငံအကျိုး ရှေးရှုမှု၊ ဆင်ခြင်ဉာဏ် ကြီးမှုတို့က မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်သွားလိမ့်မည်။

ယနေ့ မြန်မာ့နိုင်ငံရေးသည် လမ်းဆုံလမ်းခွသို့ ရောက်နေသည့် အတွက် သက်ဆိုင်သူ ခေါင်းဆောင်ကြီးများ အားလုံး မှန်ကန်သောလမ်းကို ရွေးနိုင်မှသာ မြန်မာနိုင်ငံတော်ကြီး ပန်းတိုင်သို့ ရောက်မည်ဖြစ်သည်။

အယ်ဒီတာ (၃.၁၂.၂၀၁၃)

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top