0


ရန်ကုန်၊ ဒီဇင်ဘာ ၆

ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်သည့် ခရီးစဉ်တွင် ပါဝင်ခဲ့သူ ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်တို့ကို ခွင့်ပြုချက်မရှိဘဲ လမ်းလျှောက်မှုကြောင့် မြို့နယ် ခုနစ်မြို့နယ်က ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုကို လှိုင်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် နောက်ဆုံး ကြားနာခဲ့ပြီးနောက် ခုနစ် မြို့နယ်အတွက် ထောင်ဒဏ်ခုနစ်လ ကျခံစေရန် အမိန့်ချခဲ့ကြောင်း အဆိုပါ ကြားနားမှုကို သွားရောက် ကြည့်ရှုခဲ့သည့် မဖွေးယုမွန်က ပြောကြားသည်။

အဆိုပါ တရားရုံးက တစ်မြို့နယ်စီအတွက် တစ်ဦးလျှင် ငွေဒဏ်တစ်သောင်းစီ နှုန်းဖြင့် ခုနစ်မြို့နယ်အတွက် တစ်ဦးလျှင် ကျပ်ခုနစ်သောင်းစီ ပေးဆောင်ရန် အမိန့်ချမှတ် ခဲ့သော်လည်း အဆိုပါ ပြစ်ဒဏ်ကို ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်တို့က လက်မခံခြင်းကြောင့် တစ်မြို့နယ်စီအတွက် တစ်ဦးလျှင် ထောင်ဒဏ် တစ်လစီဖြင့် ခုနစ်မြို့နယ်အတွက် ထောင်ဒဏ် ခုနစ်လစီ ကျခံစေရန် ပြောင်းလဲ အမိန့်ချခဲ့ကြောင်း အဆိုပါ ရန်ကုန်-လိုင်ဇာ ခရီးစဉ်တွင် ပါဝင်ခဲ့သူ ကိုဇင်ကိုက ပြောကြားသည်။

“ကျွန်တော်တို့ လမ်းလျှောက်တာက ပုဒ်မ ၁၈ နဲ့ အကျုံးမဝင်ဘူး။ ကြွေးကြော်တာတို့ အလံကိုင်တာတို့ မရှိဘူး။ ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လမ်းလျှောက် ခရီးသွားတာ အပြစ်ရှိတယ်လို့ မခံယူဘူး” ဟု ရန်ကုန်-လိုင်ဇာ လမ်းလျှောက်မှုကြောင့် အလုံမြို့နယ်၏ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ကိုဇင်ကိုက ဆက်လက် ပြောကြားသည်။

နှစ်လခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက် ခရီးစဉ်ကို ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ခဲ့ပြီး အဆိုပါ ခရီးစဉ် မစတင်မီ ခုနစ်ရက် ကြိုတင်၍ နိုင်ငံတော်သမ္မတ၊ တရားဥပဒေ စိုးမိုးရေး ကော်မတီနှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ အသိပေးခွင့်ပြုချက် တောင်းခံခဲ့ကြောင်း ၎င်းကပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top