0

ရခိုင်ပြည်နယ်၏ လုံခြုံရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်မည့် ဘက်စုံမဟာဗျူဟာ ရေးဆွဲသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ သိရသည်။

ရခိုင်ပြည်နယ်၏ လုံခြုံရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်မည့် ဘက်စုံမဟာဗျူဟာ ရေးဆွဲရန်အတွက် သမ္မတရုံး ၀န်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ သာသနာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ ပညာရေး၊ လူမှုဝန်ထမ်း ၀န်ကြီးဌာနတို့မှ ဒုတိယ ၀န်ကြီးများ ပါဝင်သည့် ဘက်စုံမဟာဗျူဟာ ရေးဆွဲရေး လုပ်ငန်းကော်မတီကို နိုဝင်ဘာလ အတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဘက်စုံမဟာဗျူဟာတွင် ရခိုင်ပြည်နယ် တစ်ခုလုံး၏ လုံခြုံရေး၊ ပဋိပက္ခ ဖြစ်ပွားပြီးခဲ့သော မြို့နယ်အသီးသီး၏ လုံခြုံရေး၊ ရခိုင်ပြည်နယ်၏ နယ်စပ်တစ်လျှောက် လုံခြုံရေး အစီအမံအပေါ် အခြေတည်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းအတွက် ဆောင်ရွက်မည့် မဟာဗျူဟာ၊ ပဋိပက္ခများ ထပ်မံမပေါ်ပေါက်စေရေး၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်ရေး ဆောင်ရွက်မည့် မဟာဗျူဟာ၊ နိုင်ငံသား စိစစ်ရေး ကိစ္စများနှင့် စပ်လျဉ်းသည့် နည်းလမ်းများ ဖော်ဆောင်မည့် မဟာဗျူဟာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ရေရှည်အစီအမံများအပေါ် အခြေတည်၍ ရခိုင်ပြည်နယ်၏ နှစ်ဖက်လူ့အဖွဲ့အစည်းများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေး မဟာဗျူဟာကိုလည်း ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်သည်။

ဘက်စုံမဟာဗျူဟာ ရေးဆွဲရေး လုပ်ငန်းကော်မတီ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံကိုလည်း ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး အသက်သေဆုံးခဲ့ပြီး ၂၆၅ ဦးဒဏ်ရာရရှိကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Eleven Media Group

Post a Comment

 
Top