နိုင်ငံတော် စီမံကိန်း အနေဖြင့် တည်ဆောက်မည့် လမ်း၊ တံတား၊ လေယာဉ်ကွင်းနှင့် အဆောက်အအုံများ၏ လုပ်ငန်းခွင်များတွင် ခွင့်ပြုငွေအပြင် လုပ်ကိုင်ခွင့် ရရှိသည့် အဖွဲ့အစည်းနှင့် ပတ်သက်သည့် အချက်အလက်များကို ဆိုင်းဘုတ်များဖြင့် ဖော်ပြမည်
နိုင်ငံတော် စီမံကိန်း အနေဖြင့် တည်ဆောက်မည့် လမ်း၊ တံတား၊ လေယာဉ်ကွင်းနှင့် အဆောက်အအုံများ၏ လုပ်ငန်းခွင်များတွင် ခွင့်ပြုငွေအပြင် လုပ်ကိုင်ခွင့်ဆိုင်ရာ အချက်အလက်များ ပါဝင်သည့်ဆိုင်းဘုတ်များ စိုက်ထူရမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
နိုင်ငံတော် စီမံကိန်း လုပ်ငန်းများအတွက် ခွင့်ပြုငွေအပေါ်တွင် အထက်အဆင့်ဆင့်မှ ရာခိုင်နှုန်း တချို့တစ်ဝက်ကို ဖြတ်တောက်ခံနေရကြောင်း၊ စံချိန်စံညွှန်း အရည်အသွေး မပြည့်မီခြင်း၊ အချိန်စောစီးစွာ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အစိုးရ ၀န်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ဆည်မြောင်း၊ တာတမံ၊ လမ်း၊ တံတား၊ အဆောက်အအုံစသည့် လုပ်ငန်းခွင်များတွင် ခွင့်ပြုငွေ၊ အတိုင်းအတာ၊ တည်ဆောက်ရေးကာလ၊ တာဝန်ခံဆောင်ရွက်သည့် အဖွဲ့အစည်း စသည့်အချက်အလက်များ ပါဝင်သော ဆိုင်းဘုတ်များကို ပွင့်လင်းမြင်သာမှု ရှိစေရန် စိုက်ထူပေးသင့်သည်ဟု အများပြည်သူများက သုံးသပ်လျက် ရှိသည်။
ထို့ကြောင့် နိုင်ငံတော် စီမံကိန်း အနေဖြင့် တည်ဆောက်မည့် လမ်း၊ တံတား၊ လေယာဉ်ကွင်းနှင့် အဆောက်အအုံများ၏ လုပ်ငန်းခွင်များတွင် ခွင့်ပြုငွေ၊ အတိုင်းအတာ၊ တည်ဆောက်ရေးကာလ၊ တာဝန်ခံ ဆောင်ရွက်မည့် အဖွဲ့အစည်း စသည့်အချက်အလက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တည်ဆောက်ရေး လုပ်ငန်းများတွင် ဆိုင်းဘုတ်များ စိုက်ထူနိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများသို့ အဆိုပါ ကိစ္စများကို ထပ်ဆင့်အကြောင်းကြား သွားမည်ဟု သိရသည်။
တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် တည်ဆောက်ရေး ပစ္စည်းများ၏ အရည်အသွေး ပြည့်မီစေရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနရှိ သုတေသန ဓာတ်ခွဲခန်းများတွင် စစ်ဆေးပြီး စံချိန်စံညွန်မီမှသာ အသုံးပြုစေခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ တစ်နှစ်အတွင်း ပျက်စီးပါက ဆောင်ရွက်သည့် ကုမ္ပဏီများအား ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင် ဆောင်ရွက်ရမည်ဟု သိရသည်။
ဌာနဆိုင်ရာများသည် မိမိတို့ တာဝန်ယူသည့် လမ်းပေါ်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ရှိပါက တာဝန်ရှိသူကို ပြင်ထန်းစွာ သတိပေးခြင်း၊ နေရာပြာင်းရွေ့ခြင်း၊ ရာထူးအဆင့် လျော့ချခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အင်ဂျင်နီယာမှူးကြီး၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး၊ အင်ဂျင်နီယာမှူး၊ လက်ထောက်အင်ဂျင်နီယာနှင့် အခြားအဆင့်များ ၅၀ ကျော်ခန့် အရေးယူထားပြီးဖြစ်ကြောင်း သိရှိရသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment