0


Created on Tuesday, 03 December 2013 02:01

မိကျောင်းကန်ရှိ မြေယာများကို တပ်မတော်က စတင်သိမ်းယူခဲ့စဉ်ကတည်းက သက်ဆိုင်ရာသို့ တင်ပြခဲ့သင့်ကြောင်းနှင့် လက်ရှိတွင်လည်း မြေယာပိုင်ဆိုင်မှု အထောက်အထားများ ပြပြီးမှ ဖြေရှင်းသင့်သည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မိကျောင်းကန်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြသူများကို ပြောကြားခဲ့သည်။

တပ်မတော်က သိမ်းဆည်းခဲ့သည်ဆိုသော မိကျောင်းကန် မြေယာများအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြသူများသည် မြေယာများ ပြန်လည်မရမချင်း ဆန္ဒပြမည် ဖြစ်သည့်အတွက် သရဏဂုံ ကြိုတင်သည်ဟုဆိုကာ ဒီဇင်ဘာ ၂ ရက် နံနက်က သံဃာ ၁၉ ပါးကို ပင့်ဖိတ်ပြီး တရားနာ ဆွမ်းကပ်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း နယ်/လုံဝန်ကြီးက ဆန္ဒပြသူများနှင့် ဆွေးနွေးရန် သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ချိန်းဆိုခဲ့ပြီး နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆန္ဒပြသူများအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက အပြန်အလှန် ဆွေးနွေးခိုင်း တင်ပြခိုင်းပေမယ့် ကျွန်တော်တို့ တောင်းဆိုတဲ့အချက်တွေ မရရှိသေးလို့ ဆက်လက် တိုက်ပွဲဝင်သွားပါဦးမယ်။ ဒီမနက်လည်း သရဏဂုံတင်ပြီး မရမချင်း ဆန္ဒပြသွားမယ်လို့ အကုန်လုံး ဆုံးဖြတ်ထားကြပါပြီ . . .

မိကျောင်းကန် သပိတ်စခန်းဖွင့်သူများက ၀န်ကြီးအား သိမ်းယူခံရသော မြေနေရာများအကြောင်းနှင့် သက်ဆိုင်ရာက ယခုအချိန်အထိ တာဝန်ယူ ဖြေရှင်းပေးခဲ့ခြင်း မရှိသည့်အကြောင်း တင်ပြခဲ့ကြပြီး နယ်/လုံဝန်ကြီးက "ခင်ဗျားတို့ အဲဒီအသိမ်းခံရတဲ့ အချိန်တုန်းက တင်ပြခဲ့သင့်၊ မေးခဲ့သင့်တယ်။ အခုအချိန်မှာလည်း ဒီလိုလမ်းမမှာ သပိတ်စခန်းဖွင့် တောင်းဆိုတာထက်စာရင် မြေပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့ တင်ပြသင့်တယ်။
လွှတ်တော်ကိုလည်း ပြောထားပြီဖြစ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးအဖြေ စောင့်ဆိုင်းတာမှ ပိုသင့်လျော်မယ်။ ဒီလိုလူသွားလမ်းမမျိုးမှာ သပိတ်စခန်းဖွင့် နေတာမျိုးကတော့ နိုင်ငံ့ဂုဏ်သိက္ခာလည်း ကျဆင်းနိုင်တာပေါ့ဗျာ" ဟု ပြောကြားသည်။

ယင်း မိကျောင်းကန် ပြည်သူများနှင့် နယ်/လုံဝန်ကြီး တွေ့ဆုံပွဲတွင် စည်ပင်၊ အုပ်ချုပ်ရေးမှူး၊ ဥပဒေအရာရှိ၊ အိုးအိမ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး ယင်းမြေနေရာများကို ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့ပြကျေးရွာ အက်ဥပဒေပုဒ်မ (၁၁) ဖြင့် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနက သပိတ်စခန်း ဖွင့်သူများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

"၀န်ကြီးက အပြန်အလှန် ဆွေးနွေးခိုင်း တင်ပြခိုင်းပေမယ့် ကျွန်တော်တို့ တောင်းဆိုတဲ့အချက်တွေ မရရှိသေးလို့ ဆက်လက် တိုက်ပွဲဝင်သွားပါဦးမယ်။ ဒီမနက်လည်း သရဏဂုံတင်ပြီး မရမချင်း ဆန္ဒပြသွားမယ်လို့ အကုန်လုံး ဆုံးဖြတ်ထားကြပါပြီ" ဟု ယင်းကဲ့သို့ သပိတ်စခန်း ဖွင့်လှစ်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်ခံထားရသူ ကိုဇော်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သရဏဂုံ တင်နေကြသော သပိတ်စခန်းဖွင့် ဆန္ဒပြသူများအား ဒီဇင်ဘာ ၂ ရက် နံနက်က တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း)

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
4

Post a Comment

 
Top