0


Created on Tuesday, 03 December 2013 02:24


သက္ကရာဇ် ၂၁၀၈ ခုနှစ်သို့ ကူးပြောင်းသည့် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် ရှမ်းကျောင်းတွင် ဒီဇင်ဘာ ၂ ရက်ညပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ "ကျွန်တော်တို့အနေနဲ့ ဒီပွဲကို ကျင်းပရတာက ရိုးရာဓလေ့ကို စောင့်ထိန်းတဲ့အနေနဲ့ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပါတယ်။ ရှမ်းနှစ်ကူး ပွဲတော်ကျင်းပတဲ့ အချိန်ဟာ လယ်ယာလုပ်ငန်းတွေ ပြီးဆုံးချိန်လည်း ဖြစ်ပါတယ်။အဲဒီအချိန်မှာ ဗုဒ္ဓဘာသာဝင်အများစု ဖြစ်ကြတဲ့ ရှမ်းလူမျိုးတွေဟာ ဘာသာရေးပွဲတွေ ကျင်းပကြတယ်။ အခုလို ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းလူမျိုးတွေရဲ့ရှေးရိုးစဉ်လာအရ ကျင်းပလာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုရန်ကုန်မှာ ကျင်းပတဲ့ပွဲကတော့ ရန်ကုန်မှာ ရောက်ရှိနေတဲ့ ရှမ်းလူမျိုးစု တစ်ခုလုံးအတွက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုက ဦးဆောင်ပြီးတော့ 'တုတ်ဆူး'လို့ခေါ်တဲ့ အလှူခံပြီး ရရှိလာတာတွေနဲ့ အခုလိုကျင်းပရတာ ဖြစ်ပါတယ်"ဟု ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးစိုင်းဆမ်ဦးက ပြောကြားသည်။

ပွဲဖွင့်သီချင်းသီဆိုပြီး ဒေါင်းအက၊ အိုးစည်အက၊ ရှမ်းသီချင်းနှင့်အက၊ တိုင်းလွိုင်အက၊ တိုးနယားအကများ အပါအ၀င် ရှမ်းရိုးရာသီချင်းများ၊ လွမ်းချင်းများ၊ ကလေးငယ်များမှ တေးသီချင်းဖြင့် ကပြဖျော်ဖြေမှုများ၊ ရှမ်းလူမျိုး အနုပညာရှင်များမှ တစ်ပင်တိုင် သီဆိုမှုများဖြင့် အစီအစဉ်ပေါင်း ၄၀ ခန့်ဖြင့် ကပြ ဖျော်ပြခဲ့ကြသည်။

အဆိုပါအခမ်းအနား အစီအစဉ်များကို ည ၇ နာရီမှ စတင်ကျင်းပရာ ဒီဇင်ဘာ ၃ ရက် နံနက် ၁ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားများကို ဒီဇင်ဘာ ၁၊ ၂၊ ၃ ရက်များက ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။


တောင်ကြီးမြို့တွင်ကျင်းပသော ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားမြင်ကွင်း(ဓာတ်ပုံ-စိုင်းအောင်မြတ်)

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top