ရန်ကုန်၊ ဒီဇင်ဘာ ၆
မြန်မာ့သင်္ဘောကျင်း လုပ်ငန်းကို အသွင်ကူးပြောင်းရန်အတွက် ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry JSC နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့သင်္ဘောကျင်း လုပ်ငန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းသို့ လုပ်ဆောင်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ရာ ပထမတစ်ပိုင်းကို မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ လျှောလမ်းသုံး လွန်းလမ်း အပိုင်းကို ဗီယက်နမ် နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒုတိယတစ်ပိုင်း ဖြစ်သည့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ တန်ချိန် ၁၂,၀၀၀ ရေလုံ သင်္ဘောကျင်း အပိုင်းကို နိုင်ငံတော် အစိုးရကသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ရန်အတွက် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဦးစီးဌာနသို့ လုပ်ငန်း လုပ်ကိုင်ခွင့် တင်ပြပြီး ဝန်ကြီး၏ ခွင့်ပြုချက် ရယူရန် လုပ်ဆောင်နေကြောင်း ပြည်တွင်း ရေကြောင်းမှ စီမံရေးရာ အရာရှိတစ်ဦးက ဆိုသည်။
မြန်မာ့သင်္ဘောကျင်း လုပ်ငန်းနှင့် ဗီယက်နမ်နိုင်ငံ JSC တို့ ဖက်စပ် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် ထည့်ဝင်ရာခိုင်နှုန်း များမှာ မြန်မာ့သင်္ဘောကျင်း လုပ်ငန်း ကန်ဒေါ်လာ ၈၉ ဒသမ ၅ သန်း ရာခိုင်နှုန်း အားဖြင့် ၅၁ ရာခိုင်နှုန်း၊ JSC မှ ကန်ဒေါ်လာ ၈၅ ဒသမ ၉ သန်း ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်း၊ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏ ၁၇၅ ဒသမ ၄ သန်း ဖြစ်ကြောင်း မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment