0

Created on Sunday, 01 December 2013 00:51 

ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် ၃၁ စောင် ခွင့်ပြုထားသော်လည်း ၁၅ စောင်မှာ ထုတ်ဝေခြင်း မရှိသည့်အတွက် ဒီဇင်ဘာလတွင် နောက်ဆုံးထားပြီး ထုတ်ဝေခြင်း မပြုနိုင်ပါက ပြန်လည်ရုပ်သိမ်း သွားမည်ဟု နိုဝင်ဘာ ၃၀ ရက် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားခဲ့သည်။

ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခြင်းများအား ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့က ၂၀၁၃ ခုနှစ်ဧပြီ ၁ ရက်နေ့မှ စတင်၍ လေးကြိမ်တိုင် ခွင့်ပြုပေးခဲ့ရာ စုစုပေါင်း ၃၁ ဦးရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးတွင် ဒေါ်စန်းစန်းဝင်း မြန်မာဝတီ နေ့စဉ်သတင်းစာအား ကာယကံရှင်မှ လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိကြောင်း တင်ပြချက်အရ ထုတ်ဝေခွင့် စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ထုတ်ဝေခွင့် ပြုထားသော သတင်းစာ စုစုပေါင်း ၃၀ စောင်အနက် ၁၅ ထွက်ရှိပြီး ကျန် ၁၅ စောင်မှာ လုပ်ငန်းစတင် ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

စတင်ထုတ်ဝေခြင်း မရှိသေးသော သတင်းစာ ၁၅ စောင်သည် ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်က နောက်ဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ရာ ယာယီသက်သေခံလက်မှတ် သက်တမ်းကုန်ဆုံးမည့် ဒီဇင်ဘာ ၃၁ ရက်တွင် ခြောက်လကျော်ပြီဖြစ်၍ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား စတင်ထုတ်ဝေသွားရန်နှင့် ထုတ်ဝေခြင်း မပြုနိုင်ပါက ထုတ်ဝေခွင့်မျာကို ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

"တစ်ဆက်တည်းမှာပဲ ထုတ်ဝေခွင့် ရရှိပြီး စတင်ထုတ်ဝေခြင်း မရှိသေးသည့် ဂျာနယ် ၃၁ စောင်၊ မဂ္ဂဇင်း ၂၀ စောင်သည်လည်း ကာလစည်းကမ်း သတ်ကျော်လွန်ခဲ့ပြီး ဖြစ်သဖြင့် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး စတင်ထုတ်ဝေသွားရန်နှင့် ထုတ်ဝေခြင်း မပြုနိုင်ပါက စာရင်းဖောင်းပွမှု မရှိစေရေးနှင့် ရုံးလုပ်ငန်း လုပ်နည်းကိုင်နည်း ရှုပ်ထွေးမှု မရှိစေရေးအတွက် ထုတ်ဝေခွင့်များကို ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း ကြီးကြပ်ဗဟို အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်" ဟု ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားခဲ့သည်။

ထုတ်ဝေခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ ယခင်အတိုင်း အွန်လိုင်းမှ ဆက်လက်လျှောက်နိုင်ကြောင်း၊ လက်ရှိအခြေအနေအရ သတင်းစာ၊ ဂျာနယ်များသည် ကျင့်ဝတ်စည်းကမ်းနှင့်အညီ လိုက်နာမှု ရှိစေရန် တာဝန်ခံ ဆောင်ရွက်မည့် အယ်ဒီတာအဖွဲ့ အမည်စာရင်းနှင့် ကိုယ်ရေးမှတ်တမ်းများ သိရှိရန် လိုအပ်ကြောင်း၊ ၎င်းအပြင် လုပ်ငန်းဆောင်ရွက်မည့် ရုံးခန်းတည်နေရာနှင့် ရိုက်နှိပ်မည့် ပုံနှိပ်စက်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပြီးဖြစ်ရန် လိုအပ်ကြောင်းနှင့် ထုတ်ဝေခွင့် လျှောက်ထားလိုသူများ အနေဖြင့် အထက်ပါ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်မှသာ ကြီးကြပ်မှု ဗဟိုအဖွဲ့မှ စဉ်းစားညှိနှိုင်း ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသား ဌာနေသတင်းထောက်များ ထားရှိ၍ သတင်းများ ရယူနေသည့် သတင်းဌာန ၂၂ ခုအနက် သက်ဆိုင်ရာ သတင်းဌာနများ၏ လျှောက်ထားချက်အရ နိုင်ငံခြား သတင်းဌာန ၁၂ ခုဖြစ်သည့် Xing hwa၊ Kumming Daily၊ AP၊ NHK၊ Kyodo News၊ CNA၊ CCTV၊ NIKKEI Shimboun၊ Reuters၊ BBC၊ VOA နှင့် AFP သတင်းဌာနတို့အား ရန်ကုန်မြို့တွင် သတင်းဌာနရုံးခွဲ ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top