0


Created on Sunday, 01 December 2013 01:01 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ၊ မှုခင်းဖြစ်စဉ်များကို သတင်းဦး ရရှိရန်အတွက် အောက်ခြေအဆင့်ဖြစ်သည့် အနှေးယာဉ်မောင်း၊ မော်တော်ယာဉ် မောင်းသူများမှ စီးပွားရေး လုပ်ငန်းရှင်များအထိ ရဲတပ်ဖွဲ့ဝင်များက အသွင်ယူကာ စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက နိုဝင်ဘာ ၃၀ ရက် နံနက်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လူထုအတွင်း လူတန်းစားမျိုးစုံ အလွှာအသီးသီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မှုခင်းစပ်ဆက် ဖြစ်စဉ်များကို သတင်းဦး ရရှိပြီး လက်ဦးမှု ရယူကာ ဖမ်းဆီးစစ်ဆေးနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား တာဝန်ထမ်းဆောင်စေရာ အသုံးပြုနေသည့် ငွေကြေးများနှင့် ပတ်သက်၍ ရေရှည်တွင် အခက်ခဲ ရှိလာနိုင်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ အသွင်ယူ လက်ဦးမှု ရယူကာ ဖမ်းဆီးနိုင်ခဲ့သည့် ဖြစ်စဉ်များ အများပြား ရှိနေပြီး ၎င်းဖြစ်စဉ်များအနက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က လှိုင်သာယာမြို့နယ်၊ ပဒံကျေးရွာရှိ အအေးခန်း တည်းခိုခန်း တစ်ခုတွင် နယ်စပ်၌ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့ကာ ပြည်တွင်းရှိ ဘာသာရေး အဆောက်အအုံများကို ဗုံးဖောက်ခွဲရန် ဖောက်ခွဲရေး ပစ္စည်းများနှင့် ၀င်ရောက်လာသည့် အမျိုးသားနှစ်ဦးကို တည်းခိုခန်းသို့ ရောက်ရှိပြီး ၄၅ မိနစ်အတွင်း၌ လက်ဦးမှု ရယူကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

"ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းတပ်ဖွဲ့တွေကို အောက်ခြေဆိုက်ကားသမား ဘ၀ကနေ အဆင့်ဆင့် လူတန်းစား အလွှာလိုက် အထက်တန်း အဆင့်ထိကို အသွင်ယူပြီး သတင်းဦး ရရှိဖို့အတွက် တာဝန်ပေး ဆောင်ရွက်နေတယ်။ တချို့ဆိုရင် ငွေရေးကြေးရေး ကဏ္ဍမှာ အများကြီး မြှုပ်နှံရတဲ့အပြင် အချိန်ကာလလည်း အများကြီးယူပြီး အသွင်ယူနေရတာတွေ ရှိပါတယ်။ အခုလို အသွင်ယူပြီး ဆောင်ရွက်နေရတဲ့ အခါမှာ ကိုယ့်ဘက်က သတင်းကို လက်ဦးမှု ရရှိတယ်။ ဒါ့ကြောင့် ဖောက်ခွဲမှု မဖြစ်ခင်မှာ ကျူးလွန်ဖို့ ကြံစည်နေတဲ့ သူတွေကို ဖမ်းဆီးရမိတာ ရှိနေသလို အခြားမှုခင်း စပ်ဆက်ဖြစ်စဉ်တွေကိုလည်း လက်ဦးမှု ရယူဖမ်းဆီးနိုင်တာတွေ ရှိနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ဆက်လက်၍ "ဒီလိုမျိုးတွေ အသွင်ယူပြီးတော့ ရဲလုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ အခါမှာ ငွေရေးကြေးရေး အများကြီး ရင်းနှီးမြှုပ်နှံ ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ရေရှည်မှာ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒီအပိုင်းကိုလည်း ဆွေးနွေးပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ သစ္စာဖောက်မှု၊ လက်နက်မှု၊ မတရားအသင်းမှု စသည့်အမှုကြီး ၁၀ မျိုးဖြစ်စဉ် ၁၈၃ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top