0

Created on Sunday, 01 December 2013 01:17 

တရုတ်တိုင်းရင်းဆေးခန်း အများအပြားတွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ရမ်းကုသဘောမျိုး ကုသနေသူ များပြားလျှက်ရှိရာ ဆေးကုသပေးနေသော ဆေးကုသခွင့် မရှိသူကို ထောင်ဒဏ်တစ်နှစ်နှင့် လူနာကို ပြင်းထန်စွာ ထိခိုက်စေပါက ထောင်ဒဏ်ငါးနှစ် ချမှတ်နိုင်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။ မကြာသေးမီက ယင်းကဲ့သို့ အရေးယူနိုင်သည့် ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗန်ဒါကုန်း (၄) လမ်း၊ ကန်/ မြောက် ရပ်ကွက်တွင် နေထိုင်သည့် လူနာဒေါ်စန်းစန်းအေးသည် ရေချိုးခန်းတွင် ချော်လဲရာမှ ၀ဲဘက်ခြေချောင်းများ ဒဏ်ရာရရှိသွားသည့်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၃ လမ်းထိပ်တွင် ဖွင့်လှစ်ထားသော ဦးမျိုးအောင်၏ တရုတ်အရိုးအကြော ဆေးကုဌာနတွင် သွားရောက်ပြသခဲ့ကြောင်း၊ ၎င်းဆေးဆရာက ၀ဲဘက်ခြေဖခုံအား တိုင်းရင်းဆေးများဖြင့် ကျပ်စည်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆေးစည်းပြီးနောက် ယင်းနေ့ညတွင်ပင် ခြေထောက်မှာ ပူလောင်လာပြီး နာကျင်လာသဖြင့် ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ထိုဆရာဝန်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ကုသရန် ညွှန်ကြားသဖြင့် နောက်နေ့ ဇူလိုင် ၈ ရက်တွင် သွားရောက် ပြသခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးတွင် တစ်လကျော်ခန့် တက်ရောက်ကုသခဲ့ပြီး နောက်ဝဲဘက် ခြေချောင်းနှစ်ချောင်း (ခြေသူကြွယ်နှင့် ခြေခလယ်)ကို ဖြတ်တောက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း လူနာရှင်ဘက်မှ ဦးချိုချိုက ပြောကြားသည်။

လူနာ၏ ခြေချောင်းနှစ်ချောင်းသည် ဆီးချိုရောဂါကြောင့်သာ ဖြတ်ပစ်လိုက်ရသည်ဟု အငြင်းပွားဖွယ် ဖြစ်နေသည့်တိုင် ဆီးချိုရောဂါရှိတိုင်း ခြေချောင်းဖြတ်ပစ်ရသည် မဟုတ်သောကြောင့် လူနာ၌ ဆီးချိုရောဂါ ရှိ၊ မရှိ ရောဂါရာဇ၀င်ယူရန်နှင့် သွေးဖောက်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ သို့မှသာ လိုအပ်သော ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ မိမိ မကုသနိုင်သော လူနာကို သက်ဆိုင်ရာ ကျွမ်းကျင်သူများထံသို့ လွှဲပြောင်းပေးရမည်မှာ ဆေးကုသမှု ပြုသူတိုင်း၏ တာဝန်ဖြစ်သည်။ မြန်မာနိုင်ငံဆေးကောင်စီမှ ထုတ်ပြန်သော ဆေးကုသမှုလုပ်ငန်းအတွက် ကျင့်ဝတ်များ လက်စွဲစာအုပ်တွင် "မိမိကြောင့်ဖြစ်စေ၊ အခြား ဆရာဝန်တစ်ဦးဦးကြောင့် ဖြစ်စေ ကျွမ်းကျင်မှုဆိုင်ရာ အားနည်းမှုကြောင့် လူနာအပေါ်တွင် ကျရောက်နိုင်မည့် ဘေးအန္တရာယ်ကို အမြန်ဆုံး တားဆီးကာကွယ်ပေးရမည် ဖြစ်ကြောင်းနှင့် အကယ်၍ မိမိဆုံးဖြတ်ချက်ဖြင့် ပြုစုကုသမှုသည် လူနာအပေါ် ထိရောက်မှု ရှိမည်ဟု မယူဆခဲ့ပါလျှင် လူနာအား အကြောင်းစုံရှင်းပြပြီး အခြားဆရာဝန်တစ်ဦးအား ပြသတိုင်ပင်ရမည် ဖြစ်ကြောင်း"ဖော်ပြထားသည်။
တရုတ် တိုင်းရင်းဆေးသို့မဟုတ် အခြားနိုင်ငံရပ်ခြားမှ တိုင်းရင်းဆေး တစ်မျိုးမျိုးဖြင့် ကုသနေသော ဆေးခန်းအချို့မှာလည်း အနောက်တိုင်း ဆေးပညာဖြင့် ဘွဲ့ရရှိထားသော ဆရာဝန်တစ်ဦး၏ ဆမ (ဆရာဝန်မှတ်ပုံတင်)ကို အသုံးပြုကာ ဆေးခန်းလိုင်စင် လျှောက်ထားပြီး ယင်းဆေးခန်းတွင် ဆေးကုသခွင့် လက်မှတ်မရှိသူများက ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း . . .

ယခုကိစ္စနှင့် ပတ်သက်၍ MRTV-4 မီးအိမ်ရှင် ကျန်းမာရေး ဆွေးနွေးခန်းကို ပုံမှန်တာဝန်ယူ ထုတ်လွှင့်နေသူ ဒေါက်တာနိုက်တင်ဂေးလ်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် "ဆီးချိုသွေးချို ရောဂါရှိတဲ့လူနာမှာ ဒဏ်ရာအနာတွေ၊ ပိုးမွှားဝင်ရောက် ပြန့်ပွားမှုတွေ (Infections) ကို ထိန်းချုပ်ကုသရတာ ခက်သလို အဲဒီဆီးချိုသွေးချို အတက်အကျကို ထိန်းချုပ်ရတာဟာလည်း မလွယ်ကူတာမို့ ကိုယ်ကတကယ် တတ်ကျွမ်းနားလည်ခြင်း မရှိဘူးဆိုရင် တကယ်တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ အမြန်ဆုံးညွှန်ကြားပေးခြင်း (Refer) လုပ်တာဟာ အသင့်တော်ဆုံးပါပဲ။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ်ကလည်း ထိထိရောက်ရောက် ကုသပေးနိုင်ခြင်းမရှိဘဲ ကိုယ့်ဆီမှာ လူနာကို အချိန်တွေ ကုန်စေတာဟာ အလွန်ဆိုးရွားပါတယ်။ ငွေကြေးအတွက်နဲ့ သူတစ်ပါးရဲ့ တန်ဖိုးရှိလှတဲ့ ကိုယ်လက်အင်္ဂါ၊ ဘ၀နဲ့အသက် ထိခိုက်နစ်နာနိုင်တယ်ဆိုတာကို လျစ်လျူရှုထားခြင်းဟာ လူသားအချင်းချင်း ထားရှိအပ်တဲ့ ကိုယ်ချင်းစာတရား ခေါင်းပါးခြင်းပဲလို့ အစ်မမြင်ပါတယ်"ဟု ရှင်းလင်း ပြောကြားခဲ့သည်။

News Watch သတင်းဂျာနယ် အတွဲ (၈)၊ အမှတ် (၂၆)တွင် လူနာရှင် ဦးချိုချိုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းရင်းဆေးဆရာများအသင်း ဥက္ကဋ္ဌ ဦးသက်ဆွေကို မေးမြန်းကာ ဖော်ပြထားချက်အရ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း၊ ၉၃ လမ်းထိပ်တွင် တရုတ် အရိုးအကြောဆေးကုဌာနဟု ဆိုင်းဘုတ်တင်ပြီး ယင်းဆေးခန်းတွင် ဆေးကုသမှုများ ပြုလုပ်နေသည့် ဦးမျိုးအောင်၌ တဆဟုခေါ်သော တိုင်းရင်းဆေးကု လက်မှတ်မရှိကြောင်း သိရသည်။

Daily Eleven မှနေ၍ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ကာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း ဒုတိယဦးစီးမှူး ဒေါက်တာဖြူဖြူအေးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဒေါက်တာဖြူဖြူအေးက "ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေမှာ ဆေးရုံလုပ်ငန်း၊ ဆေးခန်းလုပ်ငန်း၊ သားဖွားခန်းလုပ်ငန်း၊ ရောဂါရှာဖွေရေးလုပ်ငန်း၊ လူနာပြုစုရေး၊ အထွေထွေ ကျန်းမာရေးလုပ်ငန်း၊ နယ်လှည့် ကျန်းမာရေးလုပ်ငန်း၊ ကျန်းမာရေး အကျိုးဆောင် လုပ်ငန်းဆိုပြီး ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်မယ့်သူက မြို့နယ်အဖွဲ့ကိုသွားပြီး အရင်ဆုံး လျှောက်ထားရတယ်။ မြို့နယ်အဖွဲ့က စစ်ဆေးရတယ်။ စစ်ဆေးပြီးတော့မှ သက်ဆိုင်ရာ သက်ဆိုင်ရာအလိုက် တင်ပြရပါတယ်။ ခရိုင်ကနေ တိုင်းကိုတင်ပြတယ်။ တိုင်းကနေပြီးတော့ အချို့လုပ်ငန်းတွေကို တိုင်းကပဲ လိုင်စင်ထုတ်ပေးပါတယ်။ ခရိုင်ကို တင်ပြတဲ့အခါ ခရိုင်ကြီးကြပ်ရေး အဖွဲ့ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်။ ရပ်ကွက်ထဲမှာ ဖွင့်လှစ်တဲ့ ဆေးခန်းတွေဆိုရင်တော့ မြို့နယ်တွေကပဲ ဆောင်ရွက်ပါတယ်။ ဆေးရုံတွေ၊ အထူးကုဆေးရုံတွေဆိုရင်တော့ တိုင်းကနေပြီးတော့ပဲ ဆောင်ရွက်ပါတယ်။ လိုင်စင်မရှိဘဲ ဆေးရုံ၊ ဆေးခန်းဖွင့်ထားတယ်လို့၊ နိုင်ငံခြားသားတွေနဲ့ ဆေးခန်းဖွင့်နေတယ်လို့ ပြည်သူလူထုတွေဆီက ကြားတယ်ဆိုရင် အဲဒီဆေးရုံ ဆေးခန်းတွေကို ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး အရေးယူပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ဆိုင်တယ်ဆိုပြီး ကျွန်မတို့ပဲ ၀င်စစ်ဆေးလို့မရပါဘူး။ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးမှ စစ်ဆေးပါတယ်"ဟု ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေအရ ဆေးခန်းကို မှတ်ပုံတင်ခြင်းမရှိဘဲ ဖွင့်လှစ်ပါက ထောင်ဒဏ်ခြောက်လမှ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေအရ ဆေးကောင်စီမှ ထုတ်ပေးသည့် ဆေးကုသမှု လိုင်စင်မရှိဘဲ ဆေးကုသမှု ဆောင်ရွက်သူကို ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
ဒေါက်တာ ဖြူဖြူအေး၏ ပြောကြားချက်အရ ၎င်းတို့၏ တိုင်းကျန်းမာရေး ဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးခန်းများအား ကိုင်တွယ်မှုမရှိဘဲ ယင်းကိစ္စကို တိုင်းရင်းဆေးပညာ ဦးစီးဌာနကသာ ကိုင်တွယ်ကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနသို့ သွားရောက်ကာ Daily Eleven က ဦးစီးဌာနမှူး ဦးဝင်းမြင့်ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဦးဝင်းမြင့်ဦးက တိုင်းရင်းဆေးခန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သူ့အနေဖြင့် ပြောပြ၍ မရနိုင်ကြောင်းကိုသာ ဖြေကြားခဲ့ပါသည်။ ဆေးခန်းအဖြစ် မှတ်ပုံတင်ထားသော တိုင်းရင်းဆေးခန်း မည်မျှရှိပါသနည်းဟု မေးမြန်းခဲ့ရာတွင်လည်း သူ့အနေဖြင့် မသိရှိကြောင်းနှင့် နေပြည်တော်ရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနချုပ်သို့သာ ဆက်သွယ်မေးမြန်းရန် ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ တိုင်းရင်းဆေးခန်းအချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် တိုင်းရင်းဆေးခန်းများအနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ နားလည်မှုဖြင့် ဖွင့်လှစ်ခြင်းသာဖြစ်သည်ဟု သိရှိခဲ့ရပါသည်။ ထို့အပြင် တရုတ်တိုင်းရင်းဆေး သို့မဟုတ် အခြားနိုင်ငံရပ်ခြားမှ တိုင်းရင်းဆေး တစ်မျိုးမျိုးဖြင့် ကုသနေသော ဆေးခန်းအချို့မှာလည်း အနောက်တိုင်း ဆေးပညာဖြင့် ဘွဲ့ရရှိထားသော ဆရာဝန်တစ်ဦး၏ ဆမ(ဆရာဝန် မှတ်ပုံတင်)ကို အသုံးပြုကာ ဆေးခန်းလိုင်စင် လျှောက်ထားပြီး ယင်းဆေးခန်းတွင် ဆေးကုသခွင့် လက်မှတ်မရှိသူများက ကုသမှုများ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

ထို့ကြောင့် အနောက်တိုင်းဆေးပညာကို အသုံးပြု၍ ကုသသည့် ဆေးခန်းများနှင့် ဆရာဝန်များကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ကိုင်တွယ်ကြောင်း သိရှိရပြီး တိုင်းရင်းဆေးကောင်စီ ဥပဒေဟူ၍ ၂၀၀၀ ပြည့်နှစ်တွင် သီးခြား ထုတ်ပြန်ထားသော်လည်း တိုင်းရင်းဆေးခန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်သတ်မှတ်မှတ်ဖြင့် ထိရောက်စွာ ကိုင်တွယ်နေမှု မရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက်နိုင်ပြီး အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ကြီးမားသော ထိခိုက်မှုများနှင့် လူနာများ ကြုံကြိုက်ရနိုင်သည်ဟု ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

တိုင်းရင်းဆေးကောင်စီ ဥပဒေအရ တိုင်းရင်းဆေးကောင်စီက ထုတ်ပေးထားသည့် မှတ်ပုံတင်လက်မှတ် မရှိဘဲ တိုင်းရင်းဆေးပညာကို အသုံးပြုကာ ကုသပါက ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သိန်းအထိ ဖြစ်စေ ချမှတ်နိုင်သည်။ သို့သော် လူနာအား ပြင်းထန်စွာ ထိခိုက်စေခဲ့ပါက ယင်းသည် ရဲအရေးပိုင်သော အမှုဖြစ်သွားပြီး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။ အပြင်းအထန် နာကျင်စေမှုမြောက်သည့် အချက်ရှစ်ချက်ကို ဥပဒေပုဒ်မ ၃၂၀တွင် ပြဋ္ဌာန်းထားရာ ပဉ္စမအချက်တွင် ကိုယ်လက်အင်္ဂါ အဆစ်အမျက် တစ်ခုခု၏ အင်အားကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် အမြဲချို့တဲ့အောင် ပြုခြင်းဟူ၍ ပါရှိသည်။ ထို့အတူ မည်သူမဆို အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော် လည်းကောင်း ပြုလုပ်မှုတစ်ခုခုကို ပြုခြင်းဖြင့် တစ်ဦးတစ်ယောက်သောသူအား အပြင်းအထန် နာကျင်စေလျှင် ထိုသူကို ငါးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ တွင် ပြဋ္ဌာန်းထားသည်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ သည် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးပိုင်သော ပြစ်မှုပုဒ်မဖြစ်ပြီး ကျေအေးခွင့်လည်း မရှိကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ဇယားအရ သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top