0


Created on Saturday, 30 November 2013 18:38 

ဒီဇင်ဘာတွင် ကျင်းပမည့် မြန်မာလူထု ညီလာခံသို့ တက်ရောက်ရန် နိုင်ငံ့ခေါင်းဆောင်ကြီးများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း အာဆီယံ လူထုဖိုရမ် ကျင်းပရေး ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုကျော်လင်းဦးက ပြောကြားသည်။

မြန်မာလူထု ညီလာခံကို ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် MCC ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့အား အဆိုပါ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ လူထုညီလာခံတွင် မြန်မာနိုင်ငံ၏ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အတွေ့အကြုံ ရရှိစေရန်အတွက် မြန်မာလူထု ညီလာခံကို အကြိုကျင်းပ ရခြင်းဖြစ်ကြောင်း၊ ယင်းညီလာခံတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စသည့်ခေါင်းစဉ်များအောက်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထားကာ www.myanmarpeopleforum.org တွင် ၀င်ရောက်စာရင်း ပေးသွင်းနိုင်ပြီး ၀င်ကြေးအနေဖြင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလ၊ ကျောင်းသားများအတွက် တစ်ဦးလျှင် တစ်ထောင်ကျပ်၊ NGO များအတွက် ၃၀၀၀ ကျပ်၊ နိုင်ငံတကာ အဖွဲ့အစည်းများအတွက် ၁၀၀၀၀ ကျပ်၊ UN နှင့် သံရုံးများအတွက် ၁၅၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် ၁၇ နှစ်အကြာတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းထံမှ လွှဲပြောင်းရယူခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ လူထုညီလာခံကို ၂၀၀၅ ခုနှစ်မှ စတင်ကာ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖိလစ်ပိုင်၊ ၂၀၀၇ ခုနှစ်တွင် စင်ကာပူ၊ ၂၀၀၉ ခုနှစ်တွင် ထိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဗီယက်နမ်၊ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှား၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား၊ ၂၀၁၃ ခုနှစ်တွင် ဘရူနိုင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top