0

Created on Sunday, 01 December 2013 00:20 

နိုင်ငံ၏ ကောင်းကျိုးဆိုးကျိုးများသည် အစိုးရ တစ်ခုတည်း တာဝန်ရှိသည် မဟုတ်ဘဲ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ ပြုလုပ်သည့် "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ" တွင် ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများဘက်မှ ငြိမ်းချမ်းရေးနှင့် လူငယ်များ ပါဝင်မှုကဏ္ဍ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများ၊ လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သော နေရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးများ၊ အလုပ်သမား ရေးရာများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ အရပ်ဘက် အဖွဲ့အစည်း ညီလာခံကဏ္ဍ၊ အစိုးရပိုင်း လုပ်ဆောင်မှု အားနည်းချက်များ စသည်ဖြင့် တင်ပြခဲ့ပြီး ယင်းတို့အပေါ်တွင် ပြန်လည်ဆွေးနွေးရာ၌ သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

"ဒီနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် အတွင်းမှာ အတူတကွ နေထိုင်နေကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ၊ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ အားလုံးပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ အစိုးရ တစ်ခုတည်း တာဝန်ရှိတယ်လို့ တွက်ဆလို့ မရပါဘူး။ ဒီနိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အစိုးရ အပါအ၀င် ကျန်တဲ့အရပ်ဘက် လူ့အဖွဲ့အစည်းတွေကလည်း ပိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုးဟာ အစိုးရတစ်ခုတည်း တာဝန်ရှိတာ မဟုတ်ဘဲနဲ့ ဒီနိုင်ငံတွင်းမှာ ရှိနေကြတဲ့ နိုင်ငံသား အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကောင်းကျိုးဆိုးကျိုးတွေကို အစိုးရ တစ်ခုတည်း ငါလုပ်မယ်၊ ငါလုပ်ရင် ရမယ်ဆိုတဲ့ သဘောမျိုး မထားဘဲနဲ့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် ရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ချမှတ်ထားပြီး ဖြစ်ပါတယ်" ဟု သမ္မတက ပြောကြားသည်။

ယခင်က မတူကွဲပြားသည့် အချက်များကို သူနိုင်ကိုယ်နိုင်ဆိုပြီး တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူသည့် ပဋိပက္ခမျိုးများနှင့် သွားနေခြင်း ဖြစ်သည့်အတွက် နောက်ဆုံးတွင် ဆိုးကျိုးများကိုသာ ခံစားခဲ့ရကြောင်း၊ လက်ရှိနိုင်ငံရေး ပုံစံသစ်မှာ မတူညီမှုများကို ဘေးဖယ်ထားကာ တူညီသည့် အရာများကို စုပေါင်းလုပ်ဆောင်မည်ဟူသည့် နိုင်ငံရေးပုံစံ မဟုတ်ဘဲ မတူညီမှုများကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းဖြင့် သွားနေခြင်းဖြစ်ကြောင်း၊ အဓိက အကျဆုံးမှာ အချုပ်အခြာအာဏာ မဆုံးရှုံးရေးပင် ဖြစ်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top