0


ပြုံယမ်း၊ ဒီဇင်ဘာ ၇

တောင်နှင့် မြောက်ကိုရီးယားတို့၏ ပိုင်နက်အငြင်းပွား အနောက်ဘက် ပင်လယ်ပြင်အနီးသို့ မြောက်ကိုရီးယားက တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဒုံးကျည်များကို တပ်ဖြန့် ပို့ဆောင်လိုက် ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ၏ ပြောကြားချက်ကို New York Times သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားတွင် လွန်ခဲ့သော သီတင်းပတ်တွင်းက ခေါင်းဆောင် ကင်ဂျုံအန် ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးဟု ယူဆခံထားရသော ကင်ဂျုံအန်၏ ဦးလေးတော်သူ ဂျန်ဆောင်သိတ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ပြည်တွင်း နိုင်ငံရေး အာဏာ မတည်မငြိမ် ဖြစ်နေချိန်တွင် နိုင်ငံတကာက အာရုံလွှဲစေရန် ယခုကဲ့သို့ ရန်စမှုများ ပြုလုပ်လေ့ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ပြည်တွင်း၌ နိုင်ငံရေး အာဏာ ခိုင်မာအောင် ကြိုးပမ်း နေချိန်များတွင် လူသိများစေမည့် လုပ်ရပ်များ ပြုလုပ်လေ့ ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ နမ်ဂျေဂျွန်းက တောင်ကိုရီးယား ပါလီမန်သို့ ပြောကြားခြင်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် လွန်ခဲ့သော သီတင်းပတ် အတွင်းက ၎င်း၏ ဦးလေးဖြစ်သူ ဂျန်ဆောင် သိတ်ကို ရာထူးမှ ဖယ်ရှားလိုက် သကဲ့သို့ ဂျန်ဆောင်သိတ်၏ ယောက်ဖ တော်စပ်သူ ကျူးဘားနိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကိုလည်း နိုင်ငံသို့ ပြန်ခေါ်ခဲ့သည်။

ထို့ပြင် ဂျန်ဆောင်သိတ်၏ တူဖြစ်သူ မလေးရှားရှိ မြောက်ကိုရီးယား သံတမန်ကိုလည်း ပြန်လည် ခေါ်ယူလိုက်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ယခုကဲ့သို့ အာဏာ အပြောင်းအလဲ ကာလမျိုးတွင် နိုင်ငံရပ်ခြားရှိ ၎င်းတို့၏ သံတမန်များ နိုင်ငံရေး ခိုလှုံသွားမည်ကို စိုးရိမ်၍ နိုင်ငံသို့ ပြန်ခေါ်လေ့ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေး တော်စပ်သူ ဂျန်ဆောင်သိတ်ကို ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားသည့် လုပ်ရပ်သည် ကင်ဂျုံအန်၏ ဖခင်နှင့် အဘိုးဖြစ်သူတို့၏ လုပ်နည်း လုပ်ဟန်ဖြစ်သော အစိုးရ အဖွဲ့တွင်း လူတစ်ဦး တစ်ယောက်၏ သြဇာလွှမ်းမိုးမှုကို ရှောင်ရှားနိုင်စေရန် လူအပြောင်းအလဲ လုပ်သည့် နည်းလမ်း ဖြစ်ကြောင်း တောင်ကိုရီးယား လေ့လာ သုံးသပ်သူများက ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top