ရန်ကုန်၊ နိုဝင်ဘာ ၂၆
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ကမ်းဧရိယာ အတွင်းရှိ ပန်းဆိုးတန်း ကမ်းနားဒေသ ဧရိယာကို အထပ်မြင့် ဆောက်လုပ်ခွင့် မရှိသော ဧရိယာအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ကန့်သတ်ထားကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သော ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေ ရှင်းလင်းပွဲတွင် YCDC က တရားဝင် ကြေညာသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် ပန်းဆိုးတန်း ကမ်းနားဒေသတွင် အထပ်၂၀ ရှိ Service Apartment Office အဆောက်အအုံ၊ အထပ် ၁၆ ထပ်ရှိသော ဟိုတယ်၊ အထပ် လေးထပ်ပါ Shopping Mall၊ အထပ် သုံးထပ်ပါ Cruise & Ferry Terminal တို့ကို ဆောက်လုပ်ရန် YCDC သို့ သဘောထား မှတ်ချက် တောင်းခံခဲ့ရာ ယင်းသို့ သဘောထား မှတ်ချက် ပေးခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် Greater Yangon စီမံကိန်းတွင် ပန်းဆိုးတန်း ကမ်းနားဒေသကို စိမ်းလန်းမြေ အဖြစ်သာ ထားရှိရန်နှင့် အများနှင့် သက်ဆိုင်သော အဆောက်အအုံကို နှစ်ထပ်အထက် မပိုစေဘဲ ဆောက်လုပ်ရန် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရှင်းလင်းပွဲတွင် ပြောကြားသည်။
ပန်းဆိုးတမ်း ကမ်းနားဒေသတွင် ဆိပ်ကမ်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရေး အတွက် အထပ်မြင့် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ YCDC၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် သက်ဆိုင်ရာ တင်ဒါအောင်သည့် ကုမ္ပဏီတို့က ပြန်လည် ဆွေးနွေး ညှိနှိုင်းရန် ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ရှင်းလင်းပွဲတွင် ညွှန်ကြားခဲ့သည်။
ပန်းဆိုးတန်း ကမ်းနားဒေသ ဖြစ်သည့် နန်းသီတာ ဆိပ်ကမ်းနှင့် ဒလ ခရီးသည်တင် ဆိပ်ခံတံတား တို့ကို အဆင့်မြှင့် ပြုပြင် တည်ဆောက်ခြင်းနှင့် နောက်ခံမြေ ဧရိယာတွင် စီးပွားရေးဆိုင်ရာ ခေတ်မီ အဆောက်အအုံများ တည်ဆောက်ရန် အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလက တင်ဒါ ခေါ်ယူခဲ့ပြီး New Downtown Development Co.,Ltd. ကို လုပ်ငန်း လုပ်ကိုင်ခွင့်ကာလ နှစ် ၃၀ ခွင့်ပြုသည့် BOT စနစ်ဖြင့် လုပ်ငန်းလုပ်ခွင့် ပြုခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က တရားဝင် ထုတ်ပြန်ထားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment