မြန်မာ့ရေပိုင်နက်၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်တွင် ပြည်တွင်းကုမ္ပဏီ လေးခုမှ Tuna ငါးမျှားတန်း ငါးဖမ်းရေယာဉ်များဖြင့် ဖမ်းဆီးခွင့်ရရန် တင်ပြထားမှုကို ဖမ်းဆီးခွင့် ပြုရန်ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"Tuna ငါး ဖမ်းဆီးခွင့် ပြုပေးဖို့ ရှိပါတယ်။ ဖမ်းဆီးခွင့်လည်း ပြုတော့မှာ ဖြစ်ပါတယ်။ အစိုးရကိုလည်း တင်ပြထားပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခွင့် တောင်းထားတဲ့ ကုမ္ပဏီတွေက ငါးဖမ်းရေယာဉ် ဘယ်နှစီးနဲ့ ဖမ်းမှာလဲ စတာတွေကို တင်ပြဖို့ လိုနေပါတယ်။ အဲဒီ အချက်အလက်တွေ ပြည့်သွားတာနဲ့ ခွင့်ပြုပေးသွားဖို့ ရှိပါတယ်" ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။
အဆိုပါ Tuna ငါးမျှားတန်း ငါးဖမ်းရေယာဉ်များဖြင့် မြန်မာ့ရေပိုက်နက်၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်တွင် ဖမ်းဆီးခွင့်ရရန် ကုမ္ပဏီလေးခုမှ ပြီးခဲ့သည့် အောက်တိုဘာ လလယ်ခန့်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ တင်ပြဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tuna ငါးမျှားတန်း ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့်ပြုပါက လိုင်စင်အခွန်များ ရရှိနိုင်ပြီး လက်ရှိတွင် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်း ရေပြင်တွင် လုပ်ကိုင်နေသည့် တိုင်းရင်းသား ငါးဖမ်းလုပ်ငန်းရှင်များ၏ လုပ်ငန်းနှင့် တူညီမှု မရှိသည့်အတွက် ယင်းလုပ်ငန်းရှင်များအား ထိခိုက်နိုင်မှု မရှိကြောင်း သိရှိရပြီး ယင်း Tuna ငါး အမျိုးအစားသည် ကုန်ထွက်ရရှိမှု အပိုင်းတွင်း နည်းသည့်အတွက် မြန်မာ့ပင်လယ်ပြင် သယံဇာတများ ထိခိုက်ပျက်စီးမှု မများနိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်တွင် တစ်နှစ်လျှင် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ပေးဆောင်ပြီး ငါးဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကြောင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုများရှိကြောင်း သိရပြီး ငါးသယံဇာတများမှာလည်း ပျက်စီးဆုံးရှုံးမှုများ ရှိသည့်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ပညာရှင်များက ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်မှစ၍ ဖမ်းဆီးခွင့် ထပ်တိုးမပေးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment