0

နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း (IMF)မှ ပြုလုပ်သော အထွေထွေ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်းစနစ် (General Data Dissemination System)တွင် မြန်မာနိုင်ငံ အနေနှင့် နိုဝင်ဘာ ၁၅ ရက်မှ စတင်ပါဝင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ပါဝင်လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ ဘဏ်စနစ်အား စာရင်းဇယားဖြင့် တိကျသော စနစ်အား တိုးတက်စေမည့် အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်းနှင့် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာမှုများကို ပိုမိုတိုးတက် စေမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲ့ စာရင်းအင်း စနစ်ကို အကောင်းဆုံးသော နိုင်ငံတကာ အဆင့်ရှိ လေ့ကျင့်လုပ်ဆောင်မှုတွေနဲ့ ဆက်လက်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းရဲ GDDS စနစ်ကို အထွေထွေ မူဘောင်အနေနဲ့ ပါဝင်ပြီး အသုံးပြု လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း (IMF) မှ ပြုလုပ်သော အထွေထွေ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်းစနစ် (General Data Dissemination)၏ ယခုနှစ်အတွင်း ၀င်ရောက်လာသည့် ခြောက်ခုမြောက်သော နိုင်ငံဖြစ်သည်။

"သတင်းအချက်အလက်တွေကို ကြိုက်တဲ့အချိန်မှာ လူတိုင်းကြည့်နိုင်တယ်ဆိုတဲ့ အားသာချက်က ပွင့်လင်းမြင်သာမှု ရှိလာမယ်" ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောကြားသည်။

"မြန်မာနိုင်ငံရဲ GDDS စနစ်မှာ ပါဝင်လုပ်ဆောင်လာခြင်းဟာ အရေးပါတဲ့ မိုင်တိုင်တစ်ခုဖြစ်ပြီး မြန်မာစာရင်းအင်း ဆိုင်ရာတွေ ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ မှတ်ယူပါတယ်" ဟု နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း စာရင်းအင်းဆိုင်ရာဌာန ဒါရိုက်တာ Mr. Louis Marc Ducharme က ပြောကြားသည်။

ထိုကဲ့သို နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း (IMF) ၏ GDDS စနစ်တွင် ပါဝင်ထားသည့် နိုင်ငံပေါင်းသည် ၁၁၁ နိုင်ငံရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top