ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ကြီးကြပ်မှုနှင့် မြို့ရွာနှင့် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ စုပေါင်း မတည်ငွေဖြင့် ဒီဇင်ဘာ ပထမပတ်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အား တိုင်းနှင့်ပြည်နယ်များ၌ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး စီမံချက် ရေးဆွဲဆောင်ရွက်နေကြောင်း အဆိုပါဘဏ်မှ စုံစမ်းသိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယဦးဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက "မန္တလေး၊ တောင်ကြီး၊ ပုသိမ်စသဖြင့် တိုင်းနဲ့ ပြည်နယ်အသီးသီးက နေရာတွေမှာလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာရယ်၊ စီးပွားရေး ကောင်းမွန်တာရယ် တည်ဆောက်ရေး လုပ်ငန်းတွေ များများလုပ်နိုင်တဲ့နေရာ ငွေကြေးလိုအပ်တဲ့ နေရာတွေမှာ အဓိကထားပြီး အစဉ်လိုက် ဆောင်ရွက်သွားမှာပါ" ဟု ဘဏ်တိုးချဲ့ ဖွင့်လှစ်မည့် အခြေအနေအား ရှင်းပြပါ သည်။
"အချိန်ကာလအားဖြင့် မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြေနေရာရှာတာတို့ အဆောက်အအုံ တည်ဆောက်တာတို့ဆိုတာတွေအတွက် အချိန်ပေးရမှာပါ။ နောက်တစ်ခုက တစ်ပြိုင်နက်တည်း လုပ်သွားဖို့ဆိုတာကလည်း ငွေကြေးလည်ပတ်မှု အခက်အခဲ ဖြစ်မှာဖြစ်တဲ့အတွက် တစ်ခုပြီးတစ်ခု ဒါမှမဟုတ် နှစ်ခု၊ သုံးခု ပြိုင်တူလုပ်ရင်း အဆင့်လိုက် ဖွင့်သွားဖို့ စီမံချက်ချပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ စီမံချက်တွေ ရေးဆွဲနေဆဲ ဖြစ်ပါတယ်" ဟု ဦးကျော်ဝင်းက ဆက်လက် ပြောကြားသည်။
ကျပ်ဘီလျံ ၁၀၀ မတည်ထားသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အား ယခုနှစ် ဒီဇင်ဘာ ပထမအပတ်အတွင်း၌ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး နေရာတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒဂုံမြို့နယ် ဘဏ်ခွဲအား ၂၀၁၄ ဇန်န၀ါရီလအတွင်း ဒဂုံမြို့နယ် န၀ဒေးလမ်းတွင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။
အဆိုပါဘဏ်အနေဖြင့် လမ်းတံတား တည်ဆောက်ရေး၊ အိမ်ရာ တည်ဆောက်ရေး စသည့်တို့အတွက် ငွေထုတ်ချေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment