0


၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ တရားဝင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပိုမိုရရှိခဲ့ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခုနစ်လတာ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉၁ ဒသမ ၇၂၈ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၆၉၁ သန်းသာ ရရှိခဲ့သဖြင့် ယခုနှစ် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာ-ထိုင်းနယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းအလိုက် ကုန်သွယ်မှု ပမာဏမှာ တာချီလိတ်မှ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၀၅၄ သန်း၊ မြ၀တီမှ အမေရိကန်ဒေါ်လာ ၁၆၁ ဒသမ ၆၉၁ သန်း၊ ကော့သောင်းမှ ၆၂ ဒသမ ၉၃၇ သန်း၊ မြိတ်မှ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၄၄၂ သန်း၊ နဘုလယ်မှ အမေရိကန်ဒေါ်လာ ၃၁ ဒ သမ ၇၁၂ သန်း၊ ထီးခီးမှ ၆ ဒသမ ၆၇၃ သန်း၊ မောတောင်မှ ၀ ဒသမ ၂၁၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် စခန်းများမှ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏ ပိုမိုများပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားပြီး ဖြစ်သည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများတွင် မြန်မာ-ထိုင်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် စခန်းများမှာ အများဆုံးဖြစ်သော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုလုပ်သည့် ပမာဏမှာမူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် များစွာလျော့နည်းနေသေးကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

နယ်စပ်စခန်းများမှ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တော ထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်နှင့် တရားမ၀င် ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆိုပါ တစ်ဦးတည်း ပိုင်ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာ ကျပ်လေးဘီလျံကျော်ပြီ ဖြစ်ကြောင်း သိရသည်။

(မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း))

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top