0


စီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုတွင်း လုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင် အီးယူ-မြန်မာ သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

"မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀တွေ ပိုမိုကောင်းမွန် လာရေးအတွက် အကူအညီပေးဖို့ ကျွန်မတို့ ဒီကိုရောက်ရှိလာတာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒ အကြီးအကဲ မစ္စ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့သည်။

မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့ (EU-Mya-nmar Task Force) အစည်းအဝေးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့၏ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းနှင့် သတ္တုတွင်း လုပ်ငန်းတို့၏ အရေးပါမှုကို လက်ခံလျက် လုပ်ငန်းအဖွဲ့သည် မြန်မာ-အီးယူအကြား အဆိုပါ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း၊ စာလွှာလက်မှတ် ရေးထိုးခြင်းကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

လာမည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ကာလအထိ မြန်မာနိုင်ငံသည် အာရှ၌ အီးယူ၏ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးများကို အများဆုံး ရရှိသွားနိုင်မည့် နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အီးယူသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖော်ဆောင်ရန် ငွေကြေးထောက်ပံ့မှု အစီအစဉ်၏ ဆုံးဖြတ်ချက်များအရ အီးယူ၏ ဘတ်ဂျက်မှ နှစ်စဉ်ယူရို ၇၅ မှ ၉၀ သန်းအတွင်း ထောက်ပံ့သွားရန်ရှိကြောင်း မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် မြန်မာနှင့် ဥရောပ သမဂ္ဂတို့အကြား အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရေး သဘောတူစာချုပ်၊ ကုန်ကြမ်းပစ္စည်းများ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရေး သဘောတူစာချုပ်၊ ခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေး ပူးတွဲကြေညာချက်တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top