0


ပင်လယ်ပြင်အတွင်း ရာသီဥတု ဆိုးရွားမှုများကြောင့် မြိတ်နယ်စပ် ကုန်သွယ်ရေးမှ အောက်တိုဘာလအတွင်း လျာထားချက်၏ ရာခိုင်နှုန်း ၅၀ ကျော်သာ ကုန်သွယ်မှု ပြုနိုင်ခဲ့ကြောင်း မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပြုလုပ်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့်သာ အဓိက ကုန်သွယ်မှု ပြုလုပ်နေရပြီး ရာသီဥတု အခြေအနေအပေါ် မူတည်ကာ သွားလာကုန်သွယ်မှု ပြုလုပ်နေရကြောင်း သိရသည်။ "ပင်လယ်ပြင်ထဲမှာ မုန်တိုင်းတွေရဲ့ သက်ရောက်မှုတွေကြောင့် လှိုင်းလေထန်တာတွေ အမြဲဖြစ်နေတယ်။ ငါးဖမ်းလှေတွေမှာလည်း ငါးရရှိမှု နည်းပါးလာတဲ့အတွက် ပို့ကုန်တွေ နည်းကုန်တာ ဖြစ်တယ်။ မိုးလေ၀သ အခြေအနေ မကောင်းရင် ငါးဖမ်းလှေတွေလည်း ထွက်ခွာမှု နည်းပါးသွားပါတယ်။ နောက်ပြီးတော့ ငါးဖမ်းလှေတွေက ကော့သောင်း FOB မှာ တိုက်ရိုက်ဝင်ပြပြီး ထိုင်းနိုင်ငံကို ကုန်သွယ်မှုလည်း ပြုလုပ်လာကြတော့ လျာထားချက် မပြည့်ခဲ့တာ ဖြစ်တယ်" ဟု မြိတ်ခရိုင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ လက်ထောင်ညွန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၁၇.၈၆ သန်း၊ သွင်းကုန် ၅.၃၁ သန်း၊ စုစုပေါင်း ၂၃.၁၇ သန်း ရရှိရန် လျာထားခဲ့သော်လည်း တကယ်တန်း ကုန်သွယ်မှု ပြုလုပ်ရာတွင် ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၉.၁၂၇ သန်း၊ သွင်းကုန်ပိုင်းတွင် ၄.၂၃၉ သန်းသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ "သွင်းကုန်ပိုင်းမှာ သိပ်ကွာဟမှု မရှိခဲ့ပေမဲ့ ပို့ကုန်ပိုင်းမှာတော့ တစ်ဝက်အထိ ကျဆင်းသွားတာ တွေ့ရတယ်။ ပို့ကုန်ပိုင်း ကျဆင်းသွားရတာကတော့ မိုးလေ၀သ အခြေအနေအရ ငါးဖမ်းလှေတွေ ထွက်ခွာမှု နည်းတာ၊ ငါးရရှိမှု နည်းပါးတာ၊ ငါးသယ်လှေတွေ အနေနှင့်လည်း ပို့ကုန်တင်ပို့ရာမှာ ပင်လယ်ရေကြောင်း ခရီးမှာ ရာသီဥတု အခြေအနေအရ ကျွန်းတွေမှာ ခိုအောင်းပြီး သွားလာနေရတဲ့အတွက် ပို့ကုန်ပိုင်းမှာ ကျဆင်းခဲ့တာဖြစ်တယ်။ ကော့သောင်းမှာ တိုက်ရိုက်အ၀င်ပြပြီး ပို့ကုန်တင်ပို့မှု များလာတာကြောင့်လည်း ဖြစ်ပါတယ်" ဟု ဦးမျိုးမင်းက ပြောကြားခဲ့သည်။ အောက်တိုဘာလအတွက် ကုန်သွယ်မှု ပြုလုပ်ခဲ့ရာတွင် လျာထားချက်အောက် ၅၇ ဒသမ ၆၉ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

(မုန်တိုင်းဝင်ရောက်မည့် သတင်းကြောင့် ကျွန်းအနီး ခိုအောင်းနေသော ငါးဖမ်းစက်လှေများအား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top