မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်၌ ဟိုတယ်အလုံးရေ ၇၉ လုံး ရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာကုန်အထိ ဟိုတယ် ၂၀ လုံး ဖွင့်လှစ်နိုင်ခဲ့သောကြောင့် စုစုပေါင်း ဟိုတယ် ၉၉ လုံးထိ ရှိလာကြောင်း သိရသည်။
မန္တလေးမြို့တွင် လက်ရှိ၌ ဟိုတယ် ၉၉ လုံး၊ အခန်းအရေအတွက် ၄၁၉၉ ခန်း ရှိနေပြီဖြစ်ကာ ဟိုတယ် ၁၀ လုံးခန့်မှာလည်း ဆီးဂိမ်းစ်အမီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
"ဒီနှစ် အောက်တိုဘာအထိ ဟိုတယ်အလုံး ၂၀ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက် ဟိုတယ်အခန်း အရေအတွက်ကလည်း လေးထောင်ကျော် ရှိနေပါပြီ။ ဆီးဂိမ်းစ်အမီ ဖွင့်ဖို့ပြင်ဆင်နေတဲ့ ဟိုတယ် ၁၀ လုံးလောက် ရှိပါသေးတယ်။ ကြယ်ပွင့်သတ်မှတ်ချက် အနေနဲ့ကတော့ မန္တလေးမှာ ကြယ်လေးပွင့်အဆင့် ဟိုတယ်နှစ်လုံးပဲ ရှိပါသေးတယ်။ ဒီနှစ်ထဲမှာ တိုးချဲ့ဖွင့်လှစ်တဲ့ ဟိုတယ်တွေကိုတော့ ဌာနအနေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ကြယ်ပွင့်သတ်မှတ်ချက် ထုတ်ပြန်သွားမှာပါ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့အတူ ဆီးဂိမ်းစ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံခြားသား ပြိုင်ပွဲဝင်များ၊ ဒိုင်အဖွဲ့များ၊ မီဒီယာများနှင့် လိုက်ပါအားပေးမည့် နိုင်ငံခြားသား ဧည့်သည်များ တည်းခိုရန်အတွက် မန္တလေးမြို့တွင် ဟိုတယ် ရှစ်လုံးနှင့် အရန်ဟိုတယ် ခြောက်လုံး စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ သိသိသာသာ မြင့်တက်လာသော်လည်း ခရီးသွား ဧည့်သည်များ အနေဖြင့် ရက်ရှည်တည်းခိုခြင်းထက် ယာယီတည်းခိုမှုများခြင်း၊ ဟိုတယ်များ တိုးချဲ့ဖွင့်လှစ်လာခြင်းကြောင့် အခန်းလိုအပ်ချက် ဖြစ်ပေါ်မှုနည်းကြောင်း၊ ဟိုတယ်အသစ် ဖွင့်လှစ်ရန် လျှောက်ထားမှုများအား ဌာနမှ လျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(မန္တလေးမြို့ရှိ Mandalay Hill Resort ဟိုတယ်အား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment